လေယာဉ်မောင်းသင်တန်းဆရာက လေယာဉ်မောင်းသင်နေစဉ် ခုန်ချသေဆုံးခဲ့လို့ သင်တန်းသူက လေယာဉ်ကို တစ်ယောက်တည်းဆင်းသက်ခဲ့ရ

air.jpg

လေယာဉ်မောင်းသင်တန်းဆရာတစ်ဦးဟာ သင်တန်းသူတစ်ဦးနဲ့ လေယာဉ်ငယ်တစ်စီးကို မောင်းနှင်ရင်းနဲ့ လေယာဉ်ပေါ်ကနေ လေယာဉ်ခါးပတ်ကို ချွတ်ပြီး ခုန်ချသွားခဲ့လို့ သူ့ရဲ့သင်တန်းသူက လေယာဉ်ကို တစ်ယောက်တည်းဆင်းသက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ဇူလိုင် ၆ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ တိုလီဒိုမြို့မှာ ဖြစ်ပွားခဲ့တာပါ။

အသက် ၄၂ နှစ်အရွယ် လိန်ဒရို ဘာတာဇိုဆိုသူကို အချက်ပေးသံမြည်ပြီးနောက် မိနစ် ၂၀ ကြာ ရှာဖွေပြီးတဲ့နောက်မှာတော့ လယ်ကွင်းတစ်ခုမှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ လိန်ဒရိုနဲ့ သူ့သင်တန်းသူက လေယာဉ်မောင်းလေ့ကျင့်ရေးအတွက် အသုံးပြုလေ့ရှိတဲ့ ထိုင်ခုံနှစ်လုံးပါ Cessna C-150 ကို မောင်းနှင်နေခဲ့ကြတာပါ။

လိန်ဒရိုက သူ့ရဲ့နားကြပ်ကိုချွတ်ပြီး မိုဘိုင်းဖုန်းအပါအဝင် သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို အစီအစဉ်တကျထားကာ လေယာဉ်ထိုင်ခုံခါးပတ်ကို ချွတ်ကာ လေယာဉ်တံခါးကို ဖွင့်ပြီးတော့ ခုန်ချခဲ့တယ်လို့ သင်တန်းသူရဲ့ပြောစကားအရ သိရပါတယ်။ သူ အခုလိုမလုပ်ခင်မှာ သင်တန်းသူကို “ဘာလုပ်ရမယ်ဆိုတာ မင်းသိပါတယ်။ ဆက်လုပ်နော်”လို့ ပြောခဲ့ပါသေးတယ်။

အသက် ၂၂ နှစ်အရွယ် သင်တန်းသူက ချက်ချင်းပဲ အန္တာရယ်အသံပေးအချက်ပြခလုတ်ကို ဖွင့်ခဲ့ပြီး မြေပြင်ပေါ်ကို ဘေးကင်းစွာ ဆင်းသက်ခဲ့ပါတယ်။ သူက ဒီဖြစ်ရပ်ကြောင့် ကြောက်လန့်ပြီး တုံ့ရိနေပေမဲ့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ လိန်ဒရိုက အမြဲပြုံးနေတဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်။ ဘာလို့ အခုလိုမျိုးလုပ်ခဲ့ရလဲဆိုတာကို နားမလည်နိုင်ဘူး။ လူစိတ်ဆိုတာက အရမ်းရှုပ်ထွေးတယ်လို့ လေယာဉ်မောင်းသင်တန်းကျောင်းရဲ့ ဒါရိုက်တာက ပြောပါတယ်။

လိန်ဒရိုက ချီလီနိုင်ငံမှာ လေကြောင်းလိုင်းတစ်ခုမှာ လေယာဉ်မှူးလုပ်ခဲ့ဖူးပါတယ်။ ဦးနှောက်နှင့် အာရုံကြောစနစ်ဆိုင်ရာ ရောဂါများကြောင့် ဖြစ်ပေါ်လာသော စိတ်ကျန်းမာရေးကုသမှုခံယူနေရတယ်ဆိုတာကို ဆွေမျိုးသားချင်းတွေက ဒီဖြစ်ရပ်မတိုင်ခင်ကမှ သိရှိခဲ့တာပါ။ သူ ခုန်ချသေခဲ့တဲ့နေ့က အခြားသင်တန်းသားကိုလည်း လေယာဉ်ပျံသန်းမှုကို အောင်မြင်စွာ သင်ပေးခဲ့ပြီးပါပြီ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

Ref: Flight instructor in Argentina jumps out of plane to his death mid-flight, student had to land plane alone

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top