ပျက်ကျမှုတွေ ဖြစ်ပွားခဲ့တဲ့ Boeing 737 Max လေယာဉ်တွေကို အင်ဒိုနီးရှားနိုင်ငံက ပြန်လည်ပျံသန်းခွင့်ပြု

29.12.2021yyl1.jpg

လေယာဉ်ပေါ် လိုက်ပါလာသူ ၁၈၉ ယောက်လုံး အသက်ဆုံးရှုံးခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ လေယာဉ်ပျက်ကျမှုအပြီး ၃ နှစ်ကျော်အကြာမှာတော့ အင်ဒိုနီးရှားနိုင်ငံက Boeing 737 Max လေယာဉ်တွေအပေါ် ပျံသန်းခွင့်ပိတ်ပင်ထားမှုကို ဖယ်ရှားပေးလိုက်ပါပြီ။

လေကြောင်းဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းသူတွေက Boeing 737 Max လေယာဉ်စနစ်တွေရဲ့ ပြောင်းလဲမှုတွေကို စစ်ဆေးခဲ့ပြီးနောက်မှာ ပျံသန်းခွင့် ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဂျာဗားပင်လယ်ထဲကို Lion Air လေကြောင်းလိုင်းရဲ့ လေယာဉ်ပျက်ကျမှုအပြီး ၅ လမပြည့်ခင် ၂၀၁၉ ခုနှစ် မတ်လမှာ အီသီယိုးပီးယားလေကြောင်းလိုင်းရဲ့ Boeing 737 Max လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၁၅၇ ဦးလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကမ္ဘာတစ်ဝန်းမှာ Boeing 737 Max လေယာဉ်တွေကို ပျံသန်းခွင့် ပိတ်ပင်ခဲ့တာပါ။

ပြီးခဲ့တဲ့လပိုင်းအတွင်း အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ Boeing 737 Max လေယာဉ်တွေကို ပျံသန်းခွင့်ပြုခဲ့သလို အီသီယိုးပီးယားနိုင်ငံမှာလည်း လာမယ့်ဖေဖော်ဝါရီလကစတင်ပြီး လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲသွားမယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ အီသီယိုးပီးယားလေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေက Boeing 737 Max လေယာဉ်တွေအပေါ် ပျံသန်းခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ Boeing 737 Max လေယာဉ်တွေကို ပြန်လည်ပြေးဆွဲခွင့် ပြုနေပါပြီ။

Ref: BBC “Boeing 737 Max: Indonesia lifts ban after 2018 Lion Air crash”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top