“ တိမ်လွှာနဂါးသူရဲကောင်းများ ” ၊ “ ငါးကလေး ” သိုင်းဇာတ်ကားတွေနဲ့ ငါးကလေးအဖြစ် ပရိသတ်တွေ သိကြတဲ့ ထိုင်ဝမ်အဆိုတော်မင်းသား ဂျင်မီလင်းရဲ့ သားဖြစ်သူ ကီမီဟာ အသက် ၁၇ နှစ်ရှိပါပြီ။ သူ့အဖေနဲ့အတူ Where Are We Going, Dad? အစီအစဉ်မှာ ပါဝင်ခဲ့တုန်းက အသက် ၄ နှစ်ပဲရှိပါသေးတယ်။ အခုဆို ကီမီက အရပ် ၁.၈ မီတာကျော်ရှိပြီး သူ့အဖေထက် အရပ်ပိုရှည်နေပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဂျင်မီလင်းနဲ့ သူ့ဇနီး ကယ်လီ ချမ်းတို့က ကီမီရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ထားခဲ့တာပါ။ ကီမီရဲ့ကျောဘက်ဓာတ်ပုံတွေ၊ မျက်နှာအုပ်ထားတဲ့ပုံတွေကိုပဲ လူမှုကွန်ယက်ပေါ် တင်ခဲ့တာပါ။

ဒါကြောင့် ကီမီရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး နှစ်တော်တော်ကြာ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ တချို့လူမှုကွန်ယက်အသုံးပြုသူတွေက ကီမီဟာ လူမြင်ကွင်းရဲ့အဝေးမှာ နေချင်တာလို့ ယူဆကြပေမဲ့ တချို့ကတော့ ရုပ်ရည်မချောလို့လားလို့ မေးခွန်းထုတ်ကြပါတယ်။
အခုနှစ်အစောပိုင်းမှာ ကြက်တောင်ရိုက်ပြိုင်ပွဲဝင်ပြိုင်နေတဲ့ ကီမီရဲ့ဓာတ်ပုံတွေဟာ ကျောင်းရဲ့ဝဘ်ဆိုက်မှာ တင်ခဲ့ပြီးနောက် လူမှုကွန်ယက်အသုံးပြုသူတွေက ကီမီရဲ့ပုံပန်းသဏ္ဌာန်ကို အာရုံစိုက်မိသွားခဲ့ကြပါတယ်။ ဖြတ်သွားဖြတ်လာသူတွေ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကတော့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး တချို့အင်တာနက်အသုံးပြုသူတွေက သူ့ရဲ့ရုပ်ရည်အပေါ် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

အခုဆို ဂျင်မီလင်းက ဒီမှတ်ချက်တွေအပေါ် ပြောဆိုလာခဲ့ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ပွဲတစ်ပွဲမှာ ဂျင်မီလင်းက သားဟာ အပြင်မှာ အရမ်းချောပါတယ်လို့ သားဖြစ်သူ ကီမီဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေက ကင်မရာရှုထောင့်နဲ့ ကင်မရာမှန်ဘီလူးပုံပျက်မှုတွေကြောင့်သာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကီမီက ဇနီးဖြစ်သူနဲ့ပိုတူတယ်ဆိုပေမဲ့ မျက်လုံးတွေက သူ ငယ်ငယ်ကနဲ့ တူတယ်လို့လည်း ဆိုခဲ့ပါတယ်။ သားဖြစ်သူကို အနုပညာလောကထဲရောက်အောင် ဆွဲဆောင်ဖို့ အစီအစဉ်မရှိဘူး။ ကီမီ လုပ်ချင်စိတ်ရှိတဲ့အခါကျရင်တော့ ခွင့်ပြုပေးမှာပါလို့ ဂျင်မီလင်းက ပြောခဲ့ပါတယ်။
ဂျင်မီလင်းမှာ ကီမီအပြင် အသက် ၁၀ နှစ်အရွယ် အမြွှာသားလေး ဂျန်ဆန်နဲ့ ကီဆန် နှစ်ယောက်လည်း ရှိပါတယ်။
Ref: Jimmy Lin Defends 17-Yr-Old Son After Netizens Criticise His Looks: “He’s Very Handsome In Person”
WL (ရိုးရာလေး)

