သူစိမ်းစုံတွဲဆီကနေ ကားသစ်တစ်စီးလက်ဆောင်ရခဲ့တဲ့ မိန်းကလေး

yyl-038.jpg

ကိုယ်နဲ့အခုမှသိတဲ့ သူစိမ်းတစ်ယောက်ဆီကသာ လက်ဆောင်အဖြစ် ကားသစ်တစ်စီးကို ကောက်ခါငင်ခါကြီး ရခဲ့မယ်ဆိုရင် စာဖတ်ပရိသတ်တွေ ဘယ်လိုဖြစ်သွားမလဲ။ သေချာတာကတော့ ဘယ်သူမဆို အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် ဘာပြောရမှန်းမသိလောက်အောင် ဝမ်းသာပီတိဖြစ်မိကြမှာပါ။

တက္ကဆပ်ပြည်နယ်ရဲ့ Denny စားသောက်ဆိုင်က စားပွဲထိုးကောင်မလေးကို အရမ်းကံကောင်းတဲ့ မိန်းကလေးလို့ပြောရမှာပါပဲ။ သူစိမ်းဆီကနေ ကားသစ်တစ်စီးရမယ်လို့ ဘယ်သူမှ စိတ်ကူးကြည့်မိမှာမဟုတ်ပါဘူး။ အက်ဒရီရန်နာ အက်ဒ်ဝက်တ် (Adrianna Edwards) လို့ အမည်ရတဲ့ အဲဒီစားပွဲထိုးကောင်မလေးက အလုပ်ကို နေ့တိုင်းနီးပါးလိုလို (၄) နာရီကျော်လောက် လမ်းလျှောက်လာရပါတယ်။ ဒါပေမဲ့ အခုတော့ သူလမ်းလျှောက်လာရတဲ့ နေ့ရက်တွေ ပြီးဆုံးသွားခဲ့ပါပြီ။

သူဟာ နာရီအနည်းငယ်သာ တွေ့ဆုံမိခဲ့တဲ့ သူစိမ်းစုံတွဲဆီကနေ ကားသစ်တစ်စီး လက်ဆောင်ရခဲ့လို့ပါပဲ။ အမည်မဖော်လိုသူစုံတွေဲနဲ့ အက်ဒရီရန်နာက သူ စားပွဲထိုးလုပ်နေတဲ့ စားသောက်ဆိုင်မှာ တွေ့ဆုံမိခဲ့တာပါ။ သူကပဲ အဲဒီစုံတွဲအတွက် အစားအသောက်တွေ တည်ခင်းဧည့်ခံခဲ့ရပါတယ်။ အဲဒီစုံတွဲက အက်ဒရီရန်နာ အလုပ်ကနေအိမ်၊ အိမ်ကအလုပ်ကို ရောက်ဖို့ လမ်းလျှောက်သွားခဲ့ရတာကို သိသွားခဲ့တာပါ။

အဲဒီစုံတွဲက စားသောက်ပြီးသွားတော့ စားသောက်ဆိုင်က ထွက်သွားခဲ့ပြီး ၂၀၁၁ မော်ဒယ် Nissan Sentra ကားသစ်နဲ့ ပြန်လာခဲ့ပြီး အက်ဒရီရန်နာရဲ့လက်ထဲကို ကားသော့ထည့်ပေးခဲ့ပါတယ်။ အက်ဒရီရန်နာ ပျော်လွန်းလို့ မျက်ရည်ကျတာကို မြင်ရတာ သူ့ကို ပျော်ရွင်စေခဲ့တယ်လို့ ကားဝယ်ပေးတဲ့ အမျိုးသမီးက ပြောပါတယ်။

ကားဝယ်ဖို့ ပိုက်ဆံစုနေရတဲ့ အက်ဒရီရန်နာက အဲဒီစုံတွဲအတွက် စားပွဲထိုးလုပ်ပေးတော့ ရေခဲမှုန့်အပိုကျွေးခဲ့ရုံပါပဲ။ ဒါပေမဲ့ အဲဒီစုံတွဲဆီက ပြန်ရလိုက်တဲ့အရာက ပိုပြီး တန်ဖိုးရှိနေပါတယ်။ သူတို့က အခုလို ကားလက်ဆောင်ပေးခဲ့တဲ့အတွက် အက်ဒရီရန်နာဆီကနေ ဘယ်မှပြန်မလိုချင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က အက်ဒရီရန်နာကို ရှေ့ဆက်ပြီး အကူအညီလိုတဲ့သူတွေကို ကောင်းမှုကုသိုလ်လုပ်ပေးဖို့ပဲ မျှော်လင့်တာပါ။

“ကျွန်မ အိပ်မက်မက်နေသလို ခံစားနေရတုန်းပါပဲ။ နှစ်နာရီတစ်ခါ ပြတင်းပေါက်ဘက်ထွက်ထွက်ပြီး ကားရှိသေးရဲ့လားလို့ ကြည့်ရပါတယ်။ တစ်စုံတစ်ယောက် အကူအညီလုပ်တာမြင်ရင် ကျွန်မ ကူညီပေးနိုင်သလောက် သူတို့ကို သေချာပေါက် ကူညီပေးသွားမှာပါ” လို့ အက်ဒရီရန်နာက ပြောပါတယ်။ အခုဆိုရင် အက်ဒရီရန်နာက ကားသစ်တစ်စီးပိုင်ဆိုင်သွားတဲ့အတွက် (၄) နာရီကျော်လမ်းလျှောက်သွားရတဲ့အလုပ်ကို မိနစ် (၃၀) လောက်နဲ့ ရောက်အောင် သွားလို့ရသွားပါပြီ။

Ref: CNN “A couple surprised their Denny’s waitress who walked hours to work with a new car”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top