အာဂျင်တီးနားနိုင်ငံမှ အသက် ၂၅ နှစ်အရွယ် ဇီဝဗေဒပညာရှင်တစ်ယောက်ဟာ နှလုံးဖောက်မှု ကုသမှုပုံစံကို တော်လှန်ပြောင်းလဲနိုင်မယ့် ဂျယ်တစ်မျိုးကို စမ်းသပ်လုပ်ဆောင်လျက် ရှိပါတယ်။
Universidad Favaloro မှ ဇီဝဗေဒသိပ္ပံဘွဲ့ ရရှိခဲ့တဲ့ ပီလာဖာရာ (Pilar Ferrer) ဟာ IMETTyB သုတေသနဌာနမှာ ဒေါက်တာဘွဲ့လွန် သုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာ ပြန်လည်ဆန်းသစ်ခြင်း ဆေးပညာဓာတ်ခွဲခန်း (Cardiovascular Regenerative Medicine Laboratory) မှာ လုပ်ကိုင်နေသူပါ။
ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအများစုဟာ ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ ပြန်လည်ပြုပြင်နိုင်စွမ်း အတိုင်းအတာတစ်ခု ရှိကြပေမဲ့ နှလုံးမှာတော့ အဲဒီစွမ်းရည် မရှိပါဘူး။ နှလုံးဖောက်ပြီး သွေးစီးဆင်းမှု ပြတ်တောက်သွားရင် ထိခိုက်မိတဲ့ နှလုံးကြွက်သားဆဲလ်တွေ သေဆုံးသွားပြီး ကြွက်သားတွေနေရာမှာ အမာရွတ်တစ်ရှူးတွေ အစားထိုးဝင်ရောက်လာလေ့ ရှိပါတယ်။
အဲဒီအမာရွတ်တစ်သျှူးတွေက ကျန်းမာတဲ့ နှလုံးကြွက်သားတွေလို ကျုံ့နိုင်ဆန့်နိုင်စွမ်း မရှိလို့ နှလုံးရဲ့ သွေးညှစ်ထုတ်နိုင်စွမ်း လျော့ကျသွားတတ်ပါတယ်။ ဒါဟာ အချိန်ကြာလာတဲ့အခါ နှလုံးပျက်စီးခြင်း (Heart Failure) ဖြစ်စေပြီး အလွန်ဆိုးရွားလာရင်တော့ နှလုံးအစားထိုးကုသခြင်း (Heart Transplant) ကသာ တစ်မျိုးတည်းသော ရွေးချယ်စရာ ဖြစ်နေပါတယ်။
ပီလာဖာရာတို့အဖွဲ့ကတော့ သဘာဝအနာကျက်စေတဲ့ အချင်းမြှေး (Amniotic Membrane) ကို အတုယူကာ ထိုးဆေးအဖြစ် အသုံးပြုနိုင်တဲ့ ဟိုက်ဒရိုဂျယ် (Hydrogel) တစ်မျိုးကို တီထွင်ခဲ့ကြတာပါ။ နှလုံးခွဲစိတ်မှု လုပ်ချိန်မှာ နှလုံးရဲ့ထိခိုက်မိတဲ့နေရာကို အဲဒီဂျယ်ထည့်သွင်းပေးတဲ့အခါ ငြမ်း (Scaffold) တစ်ခုလို အလုပ်လုပ်ပေးတာ တွေ့ရပါတယ်။ အဲဒီဂျယ်မှာ သက်ရှိဆဲလ်တွေ မပါဝင်ပေမဲ့ နှလုံးရဲ့ ကိုယ်ပိုင်ဆဲလ်အရေအတွက် တိုးပွားစေဖို့၊ ပြန်လည်ဖွဲ့စည်းမိစေဖို့၊ အမာရွတ် မဖြစ်သွားစေဘဲ တစ်သျှူးတွေ ပြန်လည်ဖြစ်တည်လာစေဖို့ တည်ဆောက်ပုံတစ်ခု ဖန်တီးပေးတာ တွေ့ရပါတယ်။
အဲဒီဂျယ်ကို လူသားတွေမှာ စမ်းသပ်နိုင်ခြင်း မရှိသေးပေမဲ့ လူသားရဲ့ နှလုံးအရွယ်အစား၊ တည်ဆောက်မှုပုံစံ အလွန်ဆင်တူတဲ့ သိုးတွေမှာ စမ်းသပ်မှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။ စမ်းသပ်မှုတွေအရ အဲဒီဂျယ်ဟာ နှလုံးဖောက်မှုကြောင့် ထိခိုက်စေတဲ့ နေရာအရွယ်အစားကို လျှော့ချပေးနိုင်ပြီး ၂၈ ရက်အတွင်း နှလုံးရဲ့ သွေးညှစ်ထုတ်နိုင်စွမ်းကို သိသိသာသာ တိုးတက်ကောင်းမွန်စေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
လူသားတွေကို ကုသပေးနိုင်ဖို့ စမ်းသပ်မှုတွေ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကျော်ဖြတ်မှုတွေ အများကြီးလုပ်ဖို့ လိုနေသေးပေမဲ့ အောင်မြင်ခဲ့မယ်ဆိုရင် နှလုံးရောဂါဗေဒ (Cardiology) အတွက် မဟာဗျူဟာအသစ်တရပ် ဖြစ်လာမှာပါ။
Ref: Argentine biologist Pilar Ferrer is working on something that could change how doctors treat heart attacks.
NZ (ရိုးရာလေး)

