တစ်နပ်စာကို နှစ်ယောက်ခွဲစားပြီး ကလေးငယ် ၄၅၀ ကျော်အတွက် နှလုံးခွဲစိတ်စရိတ် လှူဒါန်းခဲ့တဲ့ ဇနီးမောင်နှံ

wihu.webp

တုယင်းရုံနဲ့ လူစုယင်ဆိုတဲ့ တရုတ်ဇနီးမောင်နှံဟာ မထင်မရှား ရှင်သန်ခဲ့ကြပြီး မထင်မရှားဘဲ ကွယ်လွန်သွားခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့အကြောင်း သိသွားချိန်မှာတော့ လူအများအပြား အံ့အားသင့်ခဲ့ကြပါတယ်။ သူတို့ ဇနီးမောင်နှံက ၁၈ ယွမ်( ၂ဒေါ်လာခွဲ)တန် တစ်နပ်စာကို ၂ ယောက်ခွဲစားကာ ချွေတာ စုဆောင်းခဲ့ကြပြီး နှလုံးခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးငယ် ၄၅၅ ယောက်အတွက် ခွဲစိတ်ကုသစရိတ် လှူဒါန်းပေးခဲ့တာပါ။

တုယင်းရုံက ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး လူစုယင်ကတော့ ဆရာဝန်ပါ။ ၂၀၁၈ ခုနှစ်မှာ တုယင်းရုံက Shanghai Yoda Cardiothoracic ဆေးရုံရှေ့မှ ဖြတ်လျှောက်သွားတုန်း ပိုစတာတစ်ခု တွေ့လိုက်ပါတယ်။ မွေးရာပါ နှလုံးရောဂါရှိပေမဲ့ ခွဲစိတ်ကုသစရိတ် မတတ်နိုင်ကြတဲ့ ကလေးငယ်တွေရဲ့ မိသားစုတွေက အကူအညီတောင်းခံထားတဲ့ ပိုစတာပါ။ အဲဒီနောက်မှာတော့ တုယင်းရုံက အိမ်ပြန်လာပြီး ဇနီးသည်နဲ့တိုင်ပင်ခဲ့ကြပါတယ်။

သားသမီး မထွန်းကားတဲ့ သူတို့ဇနီးမောင်နှံဟာ သူတို့စုဆောင်းထားတဲ့ ယွမ် ၅ သိန်းကို လှူဒါန်းပေးခဲ့ပြီး အဲဒီငွေနဲ့ ကလေးငယ် ၁၀ ဦးကို နှလုံးခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ သူတို့ရဲ့ လှူဒါန်းမှုက စုစုပေါင်း ယွမ် ၅ သန်းအထိ ရှိလာခဲ့ပြီး ကလေးငယ် ၄၅၅ ဦးအတွက် ခွဲစိတ်မှုစရိတ်ကို ကျခံပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ဒီအကြောင်းကို ထုတ်မပြောခဲ့ပါဘူး။

တုယင်းရုံဟာ ၂၀၁၈ ခုနှစ်က အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး လူစုယင်ကတော့ မနှစ်တုန်းက အသက် ၉၂ အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သူတို့ကို ရည်စူးပြီး ရှန်ဟိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပရဟိတပြပွဲကျမှသာ လူအများစုက သူတို့ရဲ့ လှူဒါန်းမှုတွေအကြောင်း အကျယ်တဝင့် သိခဲ့ကြတာပါ။

Ref: Frugal, childless Chinese couple who split US$2.5 meals leave US$735,000 to sick children

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top