အမျိုးသမီးတစ်ဦးက သူ့ဆိုင်ရဲ့ အမှိုက်ပုံးထဲကနေ စားစရာတွေ ကောက်စားနေတာ မြင်လိုက်ရချိန်မှာ D’Romano’s Pizza ဆိုင်ပိုင်ရှင် ဒန်နီယယ်ရိုမာနိုတစ်ယောက် စိတ်ထိခိုက်သွားတယ်။
ရိုမာနိုက အဲဒီအမျိုးသမီးကို ဆိုင်ထဲခေါ်လာပြီး သူ့အတွက် ပီဇာတစ်ချပ် လုပ်ပေးလိုက်တယ်။ သူ့အတွက် ရိုမာနိုက ပီဇာ လုပ်ပေးပြီး ကျွေးမွေးချိန်မှာ အမျိုးသမီးက ဝမ်းနည်းဝမ်းသာဖြစ်ပြီး ငိုကြွေးရှာတယ်။ ဒီဖြစ်ရပ်က ရိုမာနိုရဲ့ စိတ်ထဲမှာ စွဲနေပြီး သူ့အတွက် အတွေးပေါင်းများစွာ ဖြစ်စေခဲ့တယ်။
ဒီအမျိုးသမီးလို လူတွေ ဘယ်လောက်များ ရှိနေမလဲ။ ဆာလောင်နေချိန်မှာ အမှိုက်ပုံးထဲကနေ ကောက်စားရတဲ့ အခြေအနေမျိုးတွေပေါ့။ ဒါကြောင့်ပဲ ရိုမာနိုက ဆာလောင်နေသူတိုင်းကို သူ့ဆိုင်မှာ ပီဇာ အခမဲ့ကျွေးဖို့ ဆုံးဖြတ်လိုက်တယ်။
ရိုမာနိုက သူ့လက်ရေးနဲ့ ရေးသားထားတဲ့ ဆိုင်းဘုတ်တစ်ခုကို သူ့ဆိုင် အပြင်ဘက်မှာ ကပ်ခဲ့ပါတယ်။ “ အမှိုက်ပုံးထဲကနေ ရှာဖွေစားသောက်နေရတဲ့သူများခင်ဗျား… ကျွန်တော်က ခင်ဗျားတို့ ထင်ထားတာထက် မေတ္တာတရား ပိုကြီးမားပါတယ်။ ဗိုက်ဆာရင် ကျွန်တော့်ကိုသာ လာပြောပါ၊ ကျွန်တော် ပီဇာတစ်ချပ် အလကား ကျွေးပါ့မယ် ” လို့ ရေးထားတာပါ။
ဗိုက်ဆာနေပြီး အခကြေးငွေ မတတ်နိုင်သူတိုင်း သူ့ဆိုင်ထဲ ဝင်လာပြီး ပီဇာတစ်ချပ်နဲ့ ရေတစ်ပုလင်း အခမဲ့ စားသောက်ခွင့်ရှိပါတယ်။ အဲဒီနောက်မှာတော့ ရိုမာနိုရဲ့ ကြင်နာတတ်တဲ့ အပြုအမူကို နှစ်သက် သဘောကျသူတွေက ဆာလောင်နေသူတွေ ပူပူနွေးနွေး အစားအစာတစ်နပ် သုံးဆောင်နိုင်ဖို့ ပီဇာဖိုးတွေကို စိုက်ထုတ်လှူဒါန်းပေးခဲ့ကြပါတယ်။
ဆာလောင်နေသူတိုင်းကို အခမဲ့ကျွေးမွေးမှုဟာ လူသားတိုင်း လူဂုဏ်သိက္ခာရှိရှိ ဆက်ဆံခံရခွင့် ရှိတယ်ဆိုတဲ့ အယူအဆကနေ ဖြစ်ပေါ်လာတာပါ။ ပူနွေးတဲ့ အစားအစာတစ်နပ်က လစ်ဟာနေတဲ့ အစာအိမ်ကို ပြည့်ဆီပြီး အဲဒီအစားအစာနဲ့အတူ ပါလာတဲ့ ကြင်နာမှုကတော့ နှလုံးသားကိုပါ နွေးထွေးစေပါတယ်။
Ref: Pizza Shop Owner Sees Woman Eating From the Trash, Gives Her a Fresh Slice and Makes a Promise to Feed Anyone Who Is Hungry
NZ (ရိုးရာလေး)

