တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်းမှာ ပျောက်ဆုံးနေသူ ၄ ဦးရဲ့အလောင်းတွေကို ၃ ရက်အတွင်း ဆက်တိုက်တွေ့ရှိပြီးနောက် ဒီအမှုနဲ့ ပတ်သက်နေတဲ့ ရဲအရာရှိတစ်ဦးက အမှုတွေကို ဆက်ဖွင့်ထားရင် လာမယ့်အလုပ်တွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို ရှောင်ရှားဖို့ အချိန်မတိုင်မီ မှားယွင်းစွာ ပိတ်သိမ်းမိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒီအကြောင်းကို စက်တင်ဘာ ၁ ရက်နေ့မှာ ဂျယ်ဂျူးကျွန်းရဲတပ်ဖွဲ့က ကြေညာခဲ့တာပါ။ အဲ့ဒီရဲအရာရှိကို တာဝန်ပေါ့လျော့မှု၊ ရုံသုံးစာရွက်စာတမ်းအတုအပပြုလုပ်မှုတို့နဲ့ ဖမ်းဆီးက အစိုးရရှေ့နေတွေထံ လွှဲပြောင်းလိုက်ပြီဖြစ်ပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း ပျောက်ဆုံးနေသူ ၄ ဦးရဲ့ရုပ်အလောင်းကို ဆက်တိုက်တွေ့ရှိခဲ့ရာမှ ဒီကိစ္စပေါ်ပေါက်လာခဲ့တာပါ။ ရဲအရာရှိက လပေါင်းများစွာပျောက်ဆုံးနေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ဂျန်မီရန်ရဲ့အချက်အလက်တွေကို မစုံစမ်းဘဲ စနစ်အတွင်း ဖျက်ပစ်ခဲ့ပြီး အမှုကို ပိတ်ခဲ့တာပါ။ ပျောက်ဆုံးပြီး ၁၀၄ ရက်အကြာ ဩဂုတ် ၂၄ ရက်မှာ အိမ်အနီးနားက ထန်းပင်ခြံမှာ ဂျန်ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။ အစကတော့ ဂျန်ရဲ့ခန္ဓာကိုယ်အနေအထားအရ ဂျန်က ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းကျ ပုပ်သိုးပျက်စီးမှုအတိုင်းအတာကြောင့် သေဆုံးရခြင်းအကြောင်းအရင်းအတိအကျကို မဆုံးဖြတ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရဲအရာရှိက ပျောက်ဆုံးသူမှာ သာမန်လူကြီးတစ်ဦး ဖြစ်တဲ့အတွက် ပေါ့ဆခဲ့မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ အဲ့ဒီရဲအရှိဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လက နောက်ထပ်ပျောက်ဆုံးနေတဲ့လူရဲ့တည်နေရာကိုအတည်မပြုဘဲ အမှုကို ပိတ်သိမ်းခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ ပျောက်ဆုံးပြီး ၅၁ ရက်အကြာမှာ အသက် ၆၀ နှစ်အရွယ်အမျိုးသားကိုလည်း သေဆုံးလျက်တွေ့ရှိခဲ့ရပါတယ်။
အဲ့ဒီအသက် ၆၀ အရွယ်အမျိုးသားက ၃ ရက်အတွင်း ဂျယ်ဂျူးကျွန်းမှာ တွေ့ရှိခဲ့ရတဲ့ ရုပ်အလောင်း ၄ လောင်းထဲက ပထမဆုံး ၁ လောင်းဖြစ်ပါတယ်။ ဩဂုတ် ၂၂ ရက်နေ့က သူ့ရဲ့ရုပ်အလောင်းကိုဂျယ်ဂျူးမြို့၊ ဂူဂျဝါအုပ်၊ ဆောင်ဒန်ရီမှာ တွေ့ရှိခဲ့ရတာပါ။
နောက်တစ်နေ့ နေ့ခင်း ၃ နာရီဝန်းကျင်မှာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကို ဂျယ်ဂျူးမြို့၊ ဂျိုချွန်အုပ်၊ ဆင်ဟွန်းရီအနီးက ရေထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့ရပါတယ်။ ငါးမြှားနေတဲ့ လူတစ်ဦးက အလောင်းကို တွေ့ပြီး ရဲကို အကြောင်းကြားခဲ့တာပါ။ အရင်က အဲ့ဒီအမျိုးသားပျောက်ဆုံးနေကြောင်း ရဲစခန်းကို တိုင်ကြားထားပြီးသားဖြစ်ပါတယ်။
ဩဂုတ် ၂၄ ရက်နေ့မှာ တတိယပျောက်ဆုံးနေတဲ့သူရဲ့ရုပ်အလောင်းကို ဂျယ်ဂျူးမြို့၊ အူးဝူးအုပ်က ချိုင့်ဝှမ်းတစ်ခုအနီး တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနေ့မှာပဲ ဂျန်မီရန်ရဲ့ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဂျယ်ဂျူးဆီဘူရဲစခန်းရဲ့အမိန်းပေးကွပ်ကဲမှုအဆင့်ဆင့်မှာပါဝင်တဲ့ ရဲအရာရှိ ၄ ဦးကို သူတို့ရဲ့တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လကတည်းက အဲ့ဒီရဲအရှာရှိ ပိတ်သိမ်းခဲ့တဲ့ အမှုပေါင်း ၂၉၈ ခုကိုလည်း အပြည့်အဝပြန်လည်စုံစမ်စစ်ဆေးနေပါတယ်။
Ref: Jeju police officer says he falsely closed missing persons cases to avoid extra workload
WL (ရိုးရာလေး)

