ဘာမှမလုပ်ပေးတဲ့ ဝန်ဆောင်မှုပေးရင်း တစ်နှစ်ဒေါ်လာ ၈၀၀၀၀ လောက် ဝင်ငွေရခဲ့သူ

ErwiljfXEAA-Ho7.jpg

ရှိုဂျီမိုရီမိုတို (Shoji Morimoto) ဟာ ၂၀၁၈ ခုနှစ်တုန်းက လုပ်ငန်းခွင်မှာ တက်တက်ကြွကြွ မရှိဘူး၊ ထိထိရောက်ရောက် လုပ်နိုင်တာ မရှိဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် အလုပ်ထုတ်ခံခဲ့ရသူပါ။

ဒီလိုအခြေအနေမျိုးကြုံရင် လူအများစုက သင်ခန်းစာယူပြီး ကြိုးစားပြင်ဆင်သွားဖွယ် ရှိပေမဲ့ မိုရီမိုတိုကတော့ ” ဒီဖြစ်ရပ်ကို သူ့ရဲ့ စီးပွားရေးအစီအစဉ်တစ်ခု ”အဖြစ် ရှုမြင်ခဲ့ပါတယ်။ ” ဘာမှမလုပ်ပေးတဲ့ အငှားလူသား ” (Do Nothing Rent-a-Man) အမည်နဲ့ Twitter (X) အကောင့်တစ်ခုဖွင့်ပြီး ငွေရှာဖို့ ကြိုးစားခဲ့တာပါ။

အဖော်တစ်ဦး ရှိနေပေးဖို့ လိုအပ်တယ်ဆိုရင် ဘယ်နေရာကိုမဆို သူ အရောက်လာပေးမယ်၊ ဘေးမှာ ထိုင်နေပေးမယ်၊ ဒါပေမဲ့ စကားပြောတာ၊ အကြံပေးတာ၊ တစ်ခုခု လုပ်ဆောင်ပေးတာမျိုး မရှိဘဲ ထိုင်နေပေးရုံပဲ ထိုင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် တကြိမ်ဝန်ဆောင်ခ ယန်း ၁၀၀၀၀ ( အမေရိကန်ဒေါ်လာ ၈၅ ဒေါ်လာမှ ၉၅ ဒေါ်လာကြား) အပြင် လမ်းစရိတ်နဲ့ စားစရိတ် ကုန်ကျခံပေးရမှာ ဖြစ်ပါတယ်။ မိုရီမိုတိုရဲ့ ကမ်းလှမ်းမှုဟာ လူတွေ လိုအပ်နေတာနဲ့ ထပ်တူကျခဲ့ပြီး သူ့ကို ငှားရမ်းမှုတွေ မြင့်တက်လာခဲ့ပါတယ်။

နေ့လယ်စာ တစ်ယောက်တည်း စားနေရလို့ အဖော် လာထိုင်ပေးဖို့ ငှားရမ်းတဲ့ အမျိုးသမီးတစ်ဦး၊ ရထားဘူတာရုံမှာ သူ့ကို လက်ပြနှုတ်ဆက်ပေးဖို့ ငှားရမ်းတဲ့ အမျိုးသားတစ်ဦး၊ မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်ချိန် စောင့်ဆိုင်းကြိုဆိုပေးဖို့ ငှားရမ်းသူတစ်ဦး အစရှိသဖြင့် ငှားရမ်းမှုအများအပြား ရှိခဲ့ပါတယ်။

မိုရီမိုတိုရဲ့ ခန့်မှန်းချက်အရ အဲဒီအလုပ်ကို စတင်ခဲ့ပြီးနောက်ပိုင်း ဝန်ဆောင်မှု အကြိမ်ရေ ၄၀၀၀ ကျော် ပေးခဲ့ပြီး တစ်နှစ်ကို ဒေါ်လာ ၈၀၀၀၀ ဝန်းကျင် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မိုရီမိုတိုဟာ ဝန်ဆောင်ခကို ဖောက်သည်စိတ်ကြိုက် ပေးနိုင်တဲ့စနစ် (Pay-what-you-want) ပြောင်းလဲခဲ့သလို “ဘာမှမလုပ်တဲ့ အငှားလူသား” (Rental Person Who Does Nothing) အမည်နဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကိုလည်း ရေးသားခဲ့ပါတယ်။

သူ့ ဘဝဇာတ်ကြောင်းကို အခြေခံပြီး Amazon Prime မှာ အပိုင်း ၁၂ ပိုင်းပါဝင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတွဲတစ်ခုတောင် ရိုက်ကူးထုတ်လွှင့်ခဲ့ပါသေးတယ်။

Ref: Shoji Morimoto: “Do Nothing Rent-a-Man”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top