စင်ကာပူနိုင်ငံက Rainforest Wild Adventure တိရစ္ဆာန်ဥယျာဉ်ဟာ အခုဆို အရှေ့တောင်အာရှမှာ မွေးဖွားခဲ့တဲ့ ပထမဆုံးအိုကာပီသားပေါက်လေးရဲ့အိမ်ဂေဟာဖြစ်လာခဲ့ပါပြီ။ သစ်ကုလားအုပ်မျိုးနွယ်ဝင်ဖြစ်တဲ့ ဒီသားပေါက်အထီးလေးကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့က မိခင်ဖြစ်သူ အသက် ၇ နှစ်အရွယ် ကီဆာလာနဲ့ ဖခင်ဖြစ်သူ အသက် ၄ နှစ်အရွယ် ဇန်ဒါတို့က မွေးဖွားခဲ့တာပါ။
သားပေါက်လေးရဲ့မိဘတွေက ဘေးအန္တရာယ်ရှိတဲ့ မျိုးစိတ်တွေထိန်းသိမ်းစောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်တဲ့မျိုးဆက်ပြန့်ပွားရေးအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် စင်ကာပူနိုင်ငံကို ရောက်လာခဲ့တာပါ။ လက်ရှိမှာ အသက် ၂ လခွဲခန့်ရှိပြီဖြစ်တဲ့ ဒီသားပေါက်လေးက ကျန်းမာရေးကောင်းမွန်နေပြီး အလေးချိန် ၄၈ ကီလိုဂရမ်ရှိကာ တစ်နေ့ကို ပျမ်းမျှ ၁ ကီလိုဂရမ်နီးပါး ကိုယ်အလေးချိန်တက်လျက်ရှိပါတယ်။
Mandai Wildlife Reserve Group က Facebook နဲ့ Instagram စာမျက်နှာတွေမှာ အများပြည်သူတွေအနေနဲ့ သားပေါက်လေးအတွက် အာဖရိကဘာသာစကားအခြေခံထားတဲ့ နာမည် ၃ မျိုး (Imara, Mayaka, Kiah) ထဲကမှ ကြိုက်နှစ်သက်ရာကို မဲပေးရွေးချယ်ဖို့ပြောထားပါတယ်။
အိုကာပီတွေက အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ Red List မှာ မျိုးသုန်းဖို့ အန္တရာယ်ရှိတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့အရှေ့မြောက်ပိုင်းမိုးသစ်တောတွေမှာ သဘာဝအတိုင်း ဒေသမျိုးရင်းအဖြစ် တွေ့ရှိရတဲ့ သတ္တဝါတွေဖြစ်ပါတယ်။
Ref: Rainforest Wild Adventure sees birth of Southeast Asia’s 1st okapi, public invited to name it
WL (ရိုးရာလေး)

