ကွင်းစလန်ပြည်နယ်မှာ ပင်လယ်နေသတ္တဝါတွေကို ကယ်တင်ဖို့ တစ်ခါသုံး ပလတ်စတစ်တွေကို တားမြစ်မယ်

16-7-2020-yyl-027.jpg

ကွင်းစလန်ပြည်နယ်က တစ်ခါသုံးပလတ်စတစ်ပိုက်၊ ဇွန်း၊ ခက်ရင်း၊ ဓား၊ ပန်းကန်တို့ကို နောက်နှစ်ထိ တားမြစ်သွားမှာဖြစ်ပါတယ်။ နှစ်တိုင်း သမုဒ္ဒရာတွေထဲမှာ တစ်ခါသုံးအမှိုက်သရိုက်တွေ ပြည့်နေတဲ့အတွက် ဒီတားမြစ်မှုက ရေနေသတ္တဝါတွေရဲ့ဘဝကို ကယ်တင်နိုင်ဖို့ အကူအညီဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ အခုအပတ်မှာ ဒီဥပဒေကို အဆိုတင်သွင်းခဲ့တာဖြစ်ပြီး တစ်ခါသုံးပလတ်စတစ်တားမြစ်တဲ့စည်းမျဉ်းက နောက်နှစ် ဇူလိုင်လ ၁ရက်နေ့အထိဖြစ်ပါတယ်။

ကွင်းစလန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး လီအန်နီ အန်အိုချ်က ” ပလတ်စတစ်စွန့်ပစ်အမှိုက်တွေ လျော့ချဖို့နဲ့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကို ကယ်တင်ဖို့အတွက် ဖြေရှင်းနည်းကို ရှာချင်နေကြတဲ့ လူမှုအသိုင်းအဝိုင်းတွေဆီက ထုတ်ပြန်ချက်ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ပလတ်စတစ်ပိုက်၊ ဇွန်း၊ ခက်ရင်း နဲ့ ပန်းကန်တွေအပြင် ဒီဥပဒေက ကော်ဖီခွက်တွေ၊ ပလတ်စတစ်ဖော့ခွက်၊ ပလတ်စတစ်တစ်ခါသုံးဘူးတွေကို ဖယ်ရှားဖို့အတွက်လည်း အကျုံးဝင်ပါတယ်။ တစ်ခါသုံးဘူးတွေကို မှီတည်နေရတဲ့ စားသောက်ဆိုင်တွေအတွက်တော့ ကြီးမားတဲ့အပြောင်းအလဲဖြစ်လာပါလိမ့်မယ်။

ဒါပေမဲ့ ဒီတားမြစ်မှုက ပလတ်စတစ်ပိုက်တွေကို မဖြစ်မနေအသုံးပြုဖို့ လိုအပ်တဲ့ မသန်စွမ်းသူတွေ၊ ဆေးကုသမှုခံယူနေရတဲ့ သူတွေအတွက်ကတော့ ချွင်းချက်ဖြစ်ပါလိမ့်မယ်။ ဆေးဆိုင်၊ စာသင်ကျောင်းနဲ့ ကျန်းမာရေးဂရုစိုက်မှု စင်တာတွေကလည်း ပလတ်စတစ်ပိုက်တွေကို လိုအပ်တဲ့သူတွေအတွက် ထားရှိထားမှာဖြစ်ပါတယ်။

World Wide Fund For Nature Australia အဖွဲ့အစည်းကလည်း တစ်ခါသုံးပလတ်စတစ် တားမြစ်တဲ့ဆုံးဖြတ်ချက်ကို လိုလိုလာလာလက်ခံခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းရဲ့မန်နေဂျာက ကာတင်ကာ ဒေးက “လှပတဲ့ကမ်းခြေတွေမှာ ပလတ်စတစ်အမှိုက်တွေ ဖယ်ရှားဖို့အတွက် ကွင်းစလန်ပြည်နယ်က လုပ်ဆောင်နေတာ မြင်ရတာ ဝမ်းသာစရာပါပဲ။ ပိုက်တွေ၊ ပန်းကန်တွေလို ပလတ်စတစ်ပစ္စည်းတွေက တစ်ခါအသုံးပြုပြီးတာနဲ့ သမုဒ္ဒရာတွေမှာ အမှိုက်သရိုက်တွေအဖြစ် ရှိနေခဲ့တာ နှစ်တော်တော်ကြာပါပြီ”လို့ ပြောပါတယ်။

Australian Marine Conservation SocietyCentre ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေက ပင်လယ်နေသတ္တဝါတွေအတွက် သေစေနိုင်လောက်တဲ့ ပလတ်စတစ်တွေပါပဲ။ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ရေကြောင်းတစ်လျှောက်မှာ အများဆုံးတွေ့ရပါတယ်။ ဒီပလတ်စတစ်တွေက ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ ပင်လယ်နေသတ္တဝါတွေက အဲဒါတွေကို စားမိလိုက်တဲ့အခါ အသက်ရှုလမ်းကြောင်းမှာ ပိတ်မိပြီး အဆိပ်သင့်တာနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ အခုဆိုရင် ကွင်းစလန်ပြည်နယ် ဥပဒေပြုရေးအဖွဲ့ဆီက ဒီဥပဒေနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်မရခင် ကော်မတီကို တင်သွင်းရဦးမှာဖြစ်ပါတယ်။

Ref: Queensland Moves To Ban Single-Use Plastic Straws, Cutlery And Plates To Save Marine Life

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top