ဆီးရီးယားမှာ ၁၄ နှစ်ကြာ ပိတ်ထားတဲ့ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းဝန်းကြီး ပြန်လည်ဖွင့်လှစ်

sc.jpg

ဆီးရီးယားနိုင်ငံမှာ ၁၄ နှစ်ကြာ ပိတ်ထားခဲ့ရတဲ့ ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းဝန်းကြီးကို တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။ ၅ ရာစုက တည်ဆောက်ခဲ့တဲ့ ဘိုင်ဇန်တိုင်း(Byzantine) ခေတ်လက်ရာ Saint Simeon ဘုရားကျောင်းဟာ ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ၂၀၂၃ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဆီးရီးယားသူတော်စင် စီမံယွန်ဟာ ဘုရားသခင်နဲ့ ပိုနီးစပ်တယ်လို့ ယုံကြည်ပြီး တိုင်ကြီးတစ်ခုပေါ်မှာ ၃၇ နှစ်တိုင်တိုင် တကိုယ်တော် တရားကျင့်ခဲ့သူဖြစ်ပါတယ်။ သူ့တပည့်တွေက တိုင်မှာ လှေကားထောင်ပြီး အစားအသောက်နဲ့ ရေ ပို့ပေးရသလို၊ ကျင်ကြီးကျင်ငယ်တွေကိုလည်း ပုံးနဲ့ သယ်ထုတ်ပေးခဲ့ရတာပါ။

သူတော်စင် စီမံယွန် ကွယ်လွန်ပြီးနောက်မှာတော့ ဘိုင်ဇန်တိုင်းဧကရာဇ် ဇီနိုက ကမ္ဘာတစ်ဝန်းမှ ဘုရားဖူးသူထောင်ပေါင်းများစွာ လာရောက်နိုင်ဖို့အတွက် ခမ်းနားတဲ့ ဝတ်ပြုကျောင်းကြီးကို အေဒီ ၄၇၆ နဲ့ ၄၉၀ ကြားမှာ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ဒီနေရာမှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းတာ၊ ပြိုလုနီးပါး အဆောက်အအုံတွေကို ထောက်တိုင်တွေနဲ့ ခိုင်ခံ့အောင်လုပ်တာ၊ ပျက်စီးသွားတဲ့ အစိတ်အပိုင်းနဲ့ အသုံးအဆောင်တွေကို ပြုပြင်ခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဆီးရီးယားရှေးဟောင်းသုတေသနနဲ့ ပြတိုက်များဦးစီးဌာနက Saint Simeon ဘုရားကျောင်းဝန်းကြီးကို တရားဝင်ဖွင့်လှစ်ခဲ့တာပါ။

Ref: Ancient Christian Complex Reopens in Syria After 14 Years, a War, and an Earthquake

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top