ကမ္ဘာ့အရပ်အရှည်ဆုံးဆယ်ကျော်သက်ဖြစ်လာနိုင်တဲ့ (၁၄) နှစ် ကောင်လေး

21-10-2020-yyl-003.jpg

တရုတ်နိုင်ငံက အသက် (၁၄) နှစ်အရွယ် ရှောင်ယွီ ဆိုတဲ့ ကောင်လေးဟာ ကမ္ဘာ့အရပ်အရှည်ဆုံးဆယ်ကျော်သက်အမျိုးသားဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့မွေးနေ့မှာ အရပ်တိုင်းကြည့်တော့ သူ့ရဲ့အရပ်အမြင့်က (၇) ပေကျော်နေပါပြီ။ အတိအကျပြောရရင် (၇.၂၅) ပေရှိပါတယ်။

Red Star News က သတင်းထောက်တစ်ယောက်ဟာ အခြားတာဝန်ရှိသူတွေနဲ့အတူ အဲဒီကောင်လေးရဲ့အရပ်အမောင်းကို သေချာတိုင်းတာပြီးအတည်ပြုခဲ့တာပါ။ ရှောင်ယွီရဲ့အဘွား ဝူမိုင်က “လွန်ခဲ့တဲ့ (၂) နှစ်လောက်မှာ တော်တော်လေး အရပ်ရှည်လာခဲ့တယ်” လို့ ဆိုပါတယ်။ Red Star News သတင်းထောက်ဟာ ၂၀၁၈ခုနှစ် ဇွန်လတုန်းက ရှောင်ယွီကို ပထမဆုံးအကြိမ်လာတွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရှောင်ယွီက (၆) တန်းကျောင်းသားလေးပဲရှိပါသေးတယ်။ အရပ်အမြင့်ကတော့ (၆.၅၉) ပေရှိပါတယ်။ ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်အောင်လုပ်ပြီး ကမ္ဘာ့အရပ်အရှည်ဆုံးဆယ်ကျော်သက်ဖြစ်လာချင်ခဲ့တယ်လို့ ရှောင်ယွီက ပြောခဲ့ပါတယ်။

အခုတော့ ရှောင်ယွီဖြစ်ချင်သလို ဖြစ်လာတော့မှာဖြစ်ပါတယ်။ ရှောင်ယွီနဲ့ သူ့မိသားစုက ဂင်းနစ်စံချိန်ဝက်ဆိုက်ကနေ Tallest Youth (Male) အတွက် လျှောက်လွှာတင်သွားနိုင်ခဲ့ပါပြီ။ “ကျောင်းစတက်ကတည်းက ကျွန်တော့်နဲ့ရွယ်တူအခြားကလေးတွေထက် အရပ်ပိုရှည်နေတာကို ကျွန်တော် သတိထားမိပါတယ်။ ကျောင်းသူတော်တော်များများက ကျွန်တော်ကို စီနီယာကျောင်းသားလို့ အမှတ်မှားကြပါတယ်။ ဒါက ကျွန်တော့်ကို အနှောင့်အယှက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ကမ္ဘာ့စံချိန်ချိုးနိုင်ဖို့အတွက် လျှောက်လွှာတင်ဖို့ တစ်ခုခုလုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ရှောင်ယွီက ပြောပါတယ်။

နောက်ပိုင်းမှာ Guinness World Records က အရာရှိ လုလျိုင်က အရပ်အရှည်ဆုံးဆယ်ကျော်သက်ဖြစ်နိုင်လားသေချာသိရဖို့အတွက် ရှောင်ယွီ ဆီလာရောက်ခဲ့ပါတယ်။ လုလျိုင်က လီဆောင် (Leshan People’s Hospital က ဆရာဝန်) နဲ့ Red Star News သတင်းထောက်တို့နဲ့အတူ ရှောင်ယွီကို အရပ်တိုင်းတာခဲ့ပါတယ်။ “ဒီစံချိန်အတွက် အမျိုးသားဖြစ်ရပြီး အသက်က (၁၃ နှစ်) နဲ့ (၁၈) နှစ်ကြားပါ။ အရင် ဒီစံချိန်ကို ချိုးခဲ့သူက အသက် (၁၈) နှစ်ကျော်ပါတယ်” လို့ လုလျိုင်က ပြောပါတယ်။

အခုတစ်ယောက်က အသက်ငယ်လွန်းတဲ့အတွက် နှိုင်းယှဉ်ကြည့်ဖို့တော့ မဆီလျော်ဘူးလို့ ဆိုပါတယ်။ ရှောင်ယွီရဲ့အရပ်အမြင့်ကို သေချာသိရဖို့အတွက် တာဝန်ရှိသူတွေက ရှောင်ယွီရဲ့အရပ်ကို မနက်၊ နေ့လယ်၊ ညနေ (၃) ခါတိုင်းတာခဲ့တာပါ။ အရပ်တိုင်းတာထားတဲ့အထောက်အထားကို လန်ဒန်မြို့ရဲ့Guinness ရုံးချုပ်က စစ်ဆေးနိုင်ဖို့အတွက် ပို့ထားပါတယ်။ ရုံးချုပ်က အတည်ပြုပြီးသွားရင်တော့ ရှောင်ယွီက ကမ္ဘာ့အရပ်အရှည်ဆုံးဆယ်ကျော်သက်အမျိုးသားဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Ref: Ladbible “14-Year-Old Set To Become Tallest Male Teenager In The World”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top