၃ ပတ်စောပြီး မီးဖွားတော့မယ့် မိခင်ဖြစ်သူကို ကလေးမွေးလို့ရအောင် ကူညီပေးခဲ့တဲ့ ၁၀ နှစ်သမီးလေး

21-11-2022yyl18.jpg

၁၀ နှစ်အရွယ်ကလေးမလေးတစ်ယောက်က မီရကယ် (Miracle) ဆိုတဲ့ နာမည်နဲ့လိုက်အောင် အံ့ဖွယ်စွမ်းဆောင်နိုင်စွမ်းတွေပြခဲ့ပါတယ်။ (၃) ပတ်စောပြီး မီးဖွားတော့မယ့် မိခင်ဖြစ်သူကို ကလေးမွေးလို့ရအောင် မီရကယ်က ကူညီပေးခဲ့တာပါ။ အောက်တိုဘာ ၂၃ ရက်နေ့က မီရကယ်ရဲ့မိခင်ဖြစ်သူ ဗွိုင်လာ ဖယ်ဟာ မစ်ဆိုရီပြည်နယ်က နေအိမ်မှာ မီးဖွားခါနီးဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ၉၁၁ ကို ဖုန်းခေါ်ဖို့ မီရကယ်ရှိနေခဲ့ပါတယ်။

Central County Emergency 911 ရဲ့တာဝန်ရှိသူ စကော့တ် စတန့်ဟိုနာနဲ့ ဖုန်းပြောခဲ့ရပါတယ်။ အရေးပေါ်အဖွဲ့မရောက်လာခင် ကလေးမွေးလို့ရအောင် မီရကယ်ကို ညွှန်ကြားချက်တွေ ပေးခဲ့ပါတယ်။ မီရကယ်က ဖုန်းကနေတဆင့် ညွှန်ကြားချက်တွေအားလုံးကို လိုက်နာပြီး သူ့အမေကို သက်သက်သာသာလဲလျောင်းစေခဲ့ပါတယ်။


စကော့တ်က မီရကယ်ကို သူ့အမေ ကလေးမီးဖွားဖို့ ကူညီပေးရတော့မယ်လို့ ပြောတဲ့အချိန်မှာ မီရကယ်က “ဟမ်” လို့တောင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ညွန်ကြားချက်တွေကို ဂရုတစိုက်နားထောင်ခဲ့ပြီး သူ့အမေ စိတ်ငြိမ်သွားအောင် “အဆင်ပြေသွားမှာ အမေ..အဆင်ပြေတယ်”လို့ နှစ်သိမ့်ပေးရင်းနဲ့ သူ့ရဲ့ညီမလေး ထွက်လာတော့ “သူ ထွက်လာပြီ..သူ ထွက်လာပြီ”တဲ့။

စကော့တ်က “ကလေးလေး အသက်ရှုရဲ့လား” မေးတော့ မီရကယ်က “အသက်ရှုတယ်…အခု သူငိုနေပြီ”တဲ့။ စကာ့တ်က မီရကယ်ကို ကောင်းကောင်းလုပ်ခဲ့တယ်လို့တောင် ချီးမွှမ်းစကားပြောခဲ့ပါတယ်။ မီရကယ်က သူ့ညီမလေးကို လူ့လောကထဲကို ခေါ်ဆောင်ပေးခဲ့တဲ့ ပထမဆုံးသူဖြစ်ခဲ့ပါတယ်။ မီရကယ်က သူ့ညီမလေးမွေးတော့ ဆေးအဖွဲ့ရောက်မလာခင်အထိ ကလေးလေးရဲ့မျက်နှာကို မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးခဲ့တဲ့အပြင် နွေးနွေးထွေးထွေးလည်း ထားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့နဲ့ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့က မီရကယ်ရဲ့နေအိမ်ကို မိနစ်ပိုင်းအတွင်းရောက်ရှိလာခဲ့ပြီး သူ့အမေနဲ့ ကလေးလေးကို ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က မီးသတ်နဲ့ကယ်ဆယ်ရေးအဖွဲ့က မီရကယ်ရဲ့ရဲစွမ်းသတ္တိအတွက် အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုဝန်ထမ်းတွေကို ပေးအပ်တဲ့ အထူးဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ သူက tablet တစ်လုံးနဲ့ သူ့အကြောင်းရေးထားတဲ့ “You Can Change The World, Girl” ဆိုတဲ့ စာအုပ်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။

Ref: CBSNews “A 10-year-old named Miracle helped her mom deliver a baby at home. She remained calm the whole time”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top