မော်ဂန်ဖရီးမန်းနဲ့အတူ ကမ္ဘာ့ဖလားအခမ်းအနားကို ဖွင့်လှစ်ခဲ့သူ အယ်လ်မူဖတာ

21-11-2022yyl21.jpg

ကမ္ဘာကျော်သရုပ်ဆောင် မော်ဂန်ဖရီးမန်းနဲ့အတူ ကမ္ဘာ့ဖလားအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သူကတော့ အသက် ၂၀ အရွယ် ကာတာ YouTuber ဂါနင်အယ်လ်မူဖတာပါပဲ။ စိတ်ဓာတ်ခွန်အားပေးတဲ့ ဟောပြောမှုတွေကြောင့် လူသိများထင်ရှားတဲ့ အယ်လ်မူဖတာဟာ ခန္ဓာကိုယ်အောက်ပိုင်း ဖွံ့ဖြိုးမှုအားနည်းတဲ့ Caudal regression syndrome (CRS) ခံစားနေရသူပါ။

ခါးအောက်ပိုင်း အစိတ်အပိုင်းတွေ မပါဘဲ မွေးဖွားလာခဲ့တဲ့ အယ်လ်မူဖတာဟာ ဘောလုံးကန်ရတာကို ဝါသနာပါသူဖြစ်ပြီး ကျောင်းမှာတုန်းက လက်နှစ်ဖက်မှာ ဖိနပ်စွပ်ရင်း ဘောလုံးကန်ခဲ့သူပါ။

အင်စတာဂရမ်မှာ ဖော်လိုဝါ ၃ သန်းကျော်ရှိတဲ့ အယ်လ်မူဖတာဟာ ကူဝိတ်စော်ဘွားရဲ့ ငြိမ်းချမ်းရေးသံတမန်အဖြစ် ခန့်အပ်ခံထားရသူလည်း ဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေ စွမ်းစွမ်းတမံ ဆောင်ရွက်သူဖြစ်ပြီး သူ့မိသားစု အကူအညီနဲ့အတူ ထူထောင်ထားတဲ့ Association of Ghanim အဖွဲ့အစည်းဟာ လိုအပ်ချက်ရှိသူတွေအတွက် ဘီးတပ်ကုလားထိုင်တွေ လှူဒါန်းပေးလျက်ရှိပါတယ်။

လောင်းဘရော့ချ်တက္ကသိုလ်မှာ နိုင်ငံရေးဘာသာရပ် သင်ယူနေသူဖြစ်ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသူပါ။ ဖွင့်ပွဲအခမ်းအနားမှာ သူ ပြောခဲ့တဲ့ မိန့်ခွန်းကလည်း တိုတိုနဲ့ ထိထိမိမိ ရှိခဲ့ပါတယ်။

”ကမ္ဘာ့ဖလားသံတမန်တစ်ယောက်အနေနဲ့ ကျွန်တော် ပေးချင်တဲ့မက်ဆေ့ကတော့ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်၊ အားလုံးပါဝင်နိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုရှိရေးပါပဲ”လို့ ဆိုခဲ့တာပါ။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top