ပုဂ္ဂလိကဆေးရုံမှာ သားအိမ်သွားထုတ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီး ကျောက်ကပ်နှစ်လုံးလုံး ခိုးယူခံရ

21-11-2022yyl17.jpg

ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သားအိမ်ထုတ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီးဟာ ကျောက်ကပ်နှစ်လုံးလုံး ခိုးယူခံခဲ့ရပြီး အသက်ဆက် ရှင်နိုင်ဖို့အတွက် ကျောက်ကပ်ဆေးစက်ကို အားကိုးနေရပါတယ်။ ဘီဟာပြည်နယ်မှာ နေထိုင်တဲ့ ဆူနီတာဒေဝီဟာ ပြီးခဲ့တဲ့စက်တင်ဘာလက shubhkant ပုဂ္ဂလိကဆေးရုံမှာ သားအိမ် ထုတ်ခဲ့တာပါ။ ဒါပေမဲ့ ဆရာဝန်တွေက သားအိမ် ထုတ်ရုံတင်မကဘဲ ကျောက်ကပ်နှစ်လုံးလုံးကိုပါ ခိုးယူခဲ့ကြတာပါ။ ဆူနီတာဒေဝီကတော့ သူ့ကျောက်ကပ်တွေ အခိုးခံခဲ့ရမှန်း မသိခဲ့ပါဘူး။

သားအိမ်ထုတ်ပြီးနောက်ပိုင်းကတည်းက ကျန်းမာရေးဆိုးရွားနေလို့ သျှရီကရစ်ရှ်နားဆေးဘက်ဆိုင်ရာကောလိပ် ဆေးရုံကို သွားပြတော့မှ သူ့မှာ ကျောက်ကပ်နှစ်လုံးလုံး မရှိတဲ့အကြောင်း သိခဲ့ရတာပါ။ အဲဒီနောက်မှာတော့ ဆူနီတာဒေဝီရဲ့မိသားစုတွေက shubhkant ဆေးရုံ ပိုင်ရှင် ပါဝမ်ကူမာနဲ့ ဆရာဝန် အာကေဆင်းမ်တို့ကို တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးချိန်မှာ အဲဒီဆေးရုံက တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသလို ဆရာဝန်တွေကလည်း လက်မှတ်အတု ကိုင်ဆောင်ထားသူတွေ ဖြစ်နေတာ တွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီးမှာ သံသယရှိသူ ၂ ယောက်လုံး ထွက်ပြေးတိမ်းရှောင်နေခဲ့ပေမဲ့ သံသယရှိသူတစ်ယောက်ကတော့ ရဲစခန်းကို လာရောက်အဖမ်းခံခဲ့တယ်လို့ Hindustan Times သတင်းဌာနက ဖော်ပြပါတယ်။ ကလေး ၃ ယောက်ရဲ့ မိခင်ဖြစ်တဲ့ ဆူနီတာဒေဝီဟာ ကျောက်ကပ်နှစ်လုံးလုံး ခိုးယူခံခဲ့ရတဲ့အတွက် အသက်ရှင်ဖို့ ကျောက်ကပ်ဆေးစက်ကိုပဲ အားကိုးနေရပါတယ်။ ကျောက်ကပ်အစားထိုး ခွဲစိတ်မှုလုပ်ဖို့ စာရင်းသွင်းထားပေမဲ့ ကျောက်ကပ်အလှူရှင်ရဖို့ အချိန်တော်တော်ကြာ စောင့်ဆိုင်းရဖို့ ရှိပါတယ်။ သူ့ရဲ့ကျောက်ကပ်တွေ ခိုးယူသွားတဲ့ ဆရာဝန်တွေကို ထိုက်တန်တဲ့အပြစ် ပေးဖို့ ဆူနီတာဒေဝီက အိန္ဒိယအစိုးရကို တောင်းဆိုထားပါတယ်။

Ref:Woman Undergoes Surgery on Her Uterus, Wakes Up With No Kidneys

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top