တစ်နေ့မှာတော့ ဆရာဖြစ်သူက သူရဲ့ကျောင်းသားတွေကို အတွေးအခေါ်ပိုင်းနဲ့ပတ်သတ်ပြီး စစ်ဆေးမှုတစ်ခု လုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကလည်း သူတို့ရဲ့ စာရေးစားပွဲအသီးသီးမှာ ထိုင်ပြီး သူတို့ရဲ့ဆရာ စမ်းသပ်စစ်ဆေးမယ့် မေးခွန်းကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြပါတယ်။
ဆရာဖြစ်သူက မေးခွန်းကို ကျောင်းသားတစ်ယောက်ချင်းစီ လိုက်လံဝေပြီးနောက်မှာ စတင်ဖြေဖို့ ပြောလိုက်ပါတယ်။
ကျောင်းသားတွေက ဖြေဆိုဖို့အတွက် မေးခွန်းစာရွက်ကိုကြည့်လိုက်တဲ့အခါ ဘာအကြောင်းအရာမှမပါဘဲ စာရွက်အဖြူအလယ်မှာ အမဲရောင်အစက်ကလေးတစ်ခုသာ ပါရှိပါတယ်။ ဆရာက ကျောင်းသားတွေရဲ့ ထူးဆန်းအံဩသွားတဲ့ အမူအရာကို သတိထားမိပြီး ” မင်းတို့ဘာမြင်သလဲ? ဒီမေးခွန်းနဲ့ပတ်သတ်ပြီး မင်းတို့ ထင်မြင်ယူဆလို့ရတာကိုရေးပါ”လို့ပြောတယ်။ ကျောင်းသားတွေကလည်း မိမိထင်မြင်ယူဆချက်ကို အသီးသီးရေးသားကြပါတယ်။
ကျောင်းသားအားလုံး ဖြေဆိုပြီးတဲ့နောက်မှာတော့ အဖြေလွှာတွေကို လိုက်သိမ်းဆည်းပြီး တစ်ယောက်ချင်းစီရဲ့အတွေးအခေါ်ကို အခန်းအရှေ့ကနေပြီးတော့ အားလုံးကြားအောင်ဖတ်ပြပါတယ်။
ပြီးတော့ ဆရာဖြစ်သူက” အခုလိုလုပ်တာဟာ မင်းတို့ကို တစ်စုံတစ်ခု စဉ်းစားတွေးခေါ်တတ်စေလို့ပါပဲ။ ငါ့တပည့်တွေအားလုံးဟာ မေးခွန်းပေါ်က ဧရိယာအားဖြင့် အများကြီးပါရှိတဲ့ အဖြူရောင်အပိုင်းကိုတော့ ဘာထင်မြင်ချက်မှမပေးထားဘဲ စာရွက်အဖြူအလယ်က အမဲရောင်အစက်အပျောက်လေးနဲ့ ပတ်သတ်ပြီးတော့ပဲ တွေးခေါ်ရေးသားထားကြတယ်”
ဆရာဖြစ်သူကဆက်ပြီး “ဆရာတို့ရဲ့ ဘဝဖြစ်တည်မှုကလည်း ဒီစာရွက်လေးလိုပါပဲ။ ချစ်ခြင်းမေတ္တာ၊အကြင်နာတရားကိုအခြေခံထားတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ပတ်သတ်တဲ့ ပျော်ရွှင်မှု၊ ကျန်းမာပျော်ရွှင်စွာနဲ့နေ့စဉ် စိတ်အေးချမ်းသာစွာဖြတ်သန်းနေမှု ဒါတွေဟာ စာရွက်ပေါ်က အဖြူရောင်အစိတ်အပိုင်းတွေပါပဲ။ ကျန်းမာရေးပြဿနာ၊ မိသားစုပြဿနာတွေ စတဲ့ စိတ်ရှုပ်ထွေးစရာကိစ္စတွေကတော့ အမဲရောင်အစက်အပျောက်လေးပါပဲ။”
ဆရာဆိုလိုချင်တာက ဘဝမှာကောင်းတာတွေပဲ အမြဲတမ်းဖြစ်နေမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အခက်အခဲအတားအဆီးတွေကို နာကျင်စွာနဲ့ပဲ ဖြတ်ကျော်ရနိုင်တယ်။ အဲသလိုဖြတ်ကျော်ရတဲ့အခါ အမည်းရောင်အခက်အခဲတွေကိုပဲ အာရုံစိုက်နေလို့မဖြစ်ပါဘူး။ တကယ်တော့ ဘဝမှာ အမည်းရောင်အစက်အပျောက် အခက်အခဲတွေထက် အဖြူရောင်ပျော်ရွှင်မှုတွေက ပိုပြီးများပါတယ်။ ဘာမဟုတ်တဲ့ အမည်းရောင်အစက်အပြောက် ပြဿနာလေးတစ်ခုအတွက်နဲ့ အဖြူရောင်ဆိုတဲ့ပျော်ရွှင်မှုကို လျစ်လျူမရှုမိပါစေနဲ့ ငါ့တပည့်တို့” လို့ ပြောပြခဲ့ပါတယ်။
Ref: moral stories ” A blank question paper”
Paradise(ရိုးရာလေး)