အပြင်ကနေ အိမ်ကို ရောက်လာတဲ့ စားသောက်ကုန်ပစ္စည်း၊ အထုပ်ပိုးတွေကို ပိုးသတ်ဖို့လိုလား

22-4-2020-yyl-016.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေနဲ့ ခပ်ခွာခွာနေတာနဲ့ တစ်ယောက်တည်းသီးခြားနေထိုင်တာက လက်ရှိကြုံတွေ့နေရတဲ့ အတွေ့အကြုံသစ်ပါပဲ။ ကမ္ဘာတစ်ဝှမ်းက လူတွေက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် အိမ်ထဲမှာပဲ နေထိုင်နေကြရင်း အပြင်လောကနဲ့ အဆက်အသွယ်တွေဖြတ်ပြီး အကောင်းဆုံးကြိုးစားနေကြပေမဲ့ အပြင်က ပစ္စည်းတွေကတော့ အိမ်ထဲကို ရောက်လာတုန်းပါပဲ။ အဲဒီပစ္စည်းတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်အတွင်းမှာ အသက်ရှင်နေထိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတဲ့ အရာတွေဖြစ်တဲ့အတွက် ရှောင်လွှဲလို့မရပါဘူး။

နို့ထွက်ပစ္စည်း၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကစလို့ စားသောက်ကုန်တွေအထိ မိမိအိမ်အရောက်ပို့ပေးတဲ့ ထုတ်ကုန်တွေများစွာရှိပါတယ်။ ကျွန်တော်တို့က လက်ဆေးတာ၊ ပါးစပ်နဲ့နှာခေါင်းစည်းဝတ်ဆင်တာတွေကို တိုက်တွန်းထားတဲ့အတိုင်း လုပ်ဆောင်နေကြပေမဲ့ အပြင်က ရောက်လာတဲ့အထုပ်ပိုးတွေ၊ စားသောက်ကုန်တွေကိုလည်း ပိုးသတ်စရာလိုလားဆိုတာကတော့ စဉ်းစားစရာပါပဲ။

ကိုရိုနာဗိုင်းရပ်စ်ပိုးက နေရာမျိုးစုံမှာ ဘယ်လောက်ကြာကြာရှိနေနိုင်သလဲ

အမျိုးမျိုးသောနေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်က အချိန်ဘယ်လောက်ကြာကြာနေနိုင်လဲဆိုတာ မသေချာဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ သိရပါတယ်။ လေ့လာချက်တွေအရတော့ နေရာတော်တော်များများမှာ နာရီအနည်းငယ်ကနေ ရက်အနည်းငယ်ထိနေနိုင်တယ်လို့ ဆိုပါတယ်။ Centre for Disease Control and Prevention ကလည်း အရင်က ကိုရိုနာဗိုင်းရပ်စ်ရှိနေမှုကို ကြည့်ပြီး ယေဘုယျအားဖြင့်ဆိုရင် ဒီကိုရိုနာဗိုင်းရပ်စ်တွေက မျက်နှာပြင်၊ နေရာတွေမှာ ရှင်သန်နိုင်မှုနည်းတဲ့အတွက် စားသောက်ကုန်နဲ့ အထုပ်အပိုးတွေကနေ ပျံ့နှံ့နိုင်ခြေတော့အရမ်းနည်းတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အပြင်ကရောက်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်သင့်လား၊ မသတ်သင့်လားဆိုတဲ့ မေးခွန်းကတော့ ရှိနေတုန်းပါပဲ။ ဒီအဖြေနဲ့ပတ်သက်ပြီး WHO က ရိုးရိုးပိုးသတ်ဆေးနဲ့ နေရာတွေကို သန့်စင်ဖို့နဲ့ လက်တွေကို ရေ၊ ဆပ်ပြာတို့နဲ့ အနည်းဆုံး စက္ကန့် (၂၀) လောက် ဆေးပေးဖို့ အကြံပြုထားပါတယ်။

မျက်နှာပြင်တွေ၊ နေရာတွေမှာ ရောဂါပိုးရှိနေနိုင်တယ်လို့ ထင်ရင် ဘယ်လိုလုပ်မလဲ

“လူတစ်ယောက်က ဗိုင်းရပ်စ်ရှိနေတဲ့ အရာဝတ္ထု၊ နေရာတွေကို ထိမိပြီးပါးစပ်၊ နှာခေါင်းနဲ့ မျက်လုံးတို့ကို ထိမိရင် COVID-19 ကူးစက်ခံရနိုင်တယ်” ဆိုတဲ့ CDCရဲ့အဆိုကို မှတ်မိနေဖို့အရေးကြီးပါတယ်။ ဒါကြောင့် အပြင်ကရောက်လာတဲ့ ဘယ်ပစ္စည်းကိုမဆို ပိုးသတ်ခြင်းဖြင့် ကြိုတင်ကာကွယ်ထားရင် မမှားပါဘူးနော်..။

ဘယ်လိုလုပ်မလဲ

– အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ပစ္စည်းကို အိမ်ရှေ့မှာပဲ ထားခဲ့ဖို့ တောင်းဆိုကြည့်ပါ။ ပစ္စည်းကို ယူတဲ့အခါ ပါးစပ်၊ နှာခေါင်းစည်း၊ လက်အိတ်တို့ကို ဝတ်ဆင်ထားသင့်ပါတယ်။

– သင် အိမ်ထဲမဝင်ခင်မှာ ပစ္စည်း၊ စားသောက်ကုန်တွေရဲ့အပြင်အထုပ်အပိုးကို စွန့်ပစ်လိုက်ပါ။

– အထုပ်ပိုးတွေနဲ့ ပစ္စည်းတွေအာလုံးကို စားပွဲပေါ်ထားမဲ့အစား ကြမ်းပြင်မှာ ထားတာ (သို့) ဘေစင်မှာ သန့်စင်ထားလိုက်ပါ။ ကြမ်းပြင်ကို သန့်စင်ပြီး ပြီးရင် ရေစိမ်လို့ရတဲ့ပစ္စည်းတွေကို ပိုးသတ်ဆေးထဲ စိမ်ထားလိုက်ပါ။

– ပစ္စည်းတွေကို နေရာအသီးသီးမှာ ပြောင်းထားပြီးရင် Delivery အိတ်တွေ၊ ဘူးခွံတွေအားလုံးကို အဝေးကို လွှတ်ပစ်လိုက်ပါ။

– အထုပ်ပိုးတွေရဲ့ မျက်နှာပြင်ကို ရိုးရိုးပိုးသတ်ဆေးနဲ့ သန့်စင်နိုင်ပြီး ခြောက်အောင်ထားလိုက်ပါ။

– သင့်လက်တွေကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးကြောပါ။ ဈေးဝယ်ထွက်ပြီး ပြန်လာရင် ရေချိုးပေးသင့်ပါတယ်။

– သင်က ပစ္စည်းတွေမှာ ရောဂါပိုးပါလာမှာစိုးရိမ်နေရင် အသုံးမပြုခင်မှာ အထုပ်ပိုးတွေ၊ ထုတ်ကုန်ပစ္စည်းတွေကို အပြင်မှာ (၂၄) နာရီလောက်ထားလို့ရပါတယ်။

Ref: Do you need to sanitize and disinfect the groceries and packages you recieve at home? We tell you the correct way

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top