ရေနစ်နေတာကနေ ကယ်တင်ပေးခဲ့တဲ့ သူစိမ်းအမျိုးသားကို ကျေးဇူးဆပ်ဖို့ကြိုးစားနေတဲ့ သားအမိ

9-11-2020-yyl-007.jpg

တက္ကဆပ်ပြည်နယ်က ဆန်မန်သာ ဝိုက်တီတို့မိသားစုဟာ အမျိုးသားတစ်ဦးရဲ့ကျေးဇူးကိုဆပ်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအမျိုးသားက ကမ်းခြေမှာ ရေနစ်နေတဲ့ အသက် ၁၀ နှစ်ရွယ် ဟေလီ ဝိုက်တီတို့သားအမိကို ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသားရဲ့မင်္ဂလာပွဲအတွက် သူတို့သားအမိက ရန်ပုံငွေရှာပေးနေပါတယ်။

ဆန်မန်သာတို့မိသားစုက ကယ်လီဖိုနီးယားပြည်နယ်က ကမ်းခြေတစ်ခုမှာ အပန်းဖြေနေကြတုန်း ဟေလီ ရေနစ်ခဲ့ရတာပါ။ ဟေလီရဲ့အမေက သူ့သမီး ငိုယိုပြီး အကူအညီတောင်းနေတဲ့အချိန်မှာ ကမ်းစပ်မှာ ထိုင်နေခဲ့ပါတယ်။ ဆန်မန်သာလည်း သူ့သမီးကို ရေထဲဆင်းကာ သွားကယ်ခဲ့ပေမဲ့ ရေစီးသန်တဲ့အတွက် လှိုင်းလုံးကြီးက သူတို့သားအမိကို ဝါးမြိုနေခဲ့ပါတယ်။ “သမီး ဒါဖြစ်နေတာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။ ငါ ရေနစ်စရာအကြောင်းမရှိဘူးပေါ့။ သမီး အရမ်းကြောက်သွားခဲ့တယ်”လို့ ဟေလီက ပြောပါတယ်။

” အမေ..သမီးကို ကယ်ပါဦးလို့ ပြောတဲ့အချိန် သမီးရဲ့မျက်နှာကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” လို့ ဆန်မန်သာက ပြောပါတယ်။ ကံကောင်းထောက်မစွာနဲ့ သူတို့သားအမိ ရေနစ်ပြီး အော်နေတဲ့အသံကို ကမ်းခြေလာရောက်သူတစ်ဦး ကြားခဲ့ပြီး ကယ်တင်ပေးခဲ့ပါတယ်။ “ကျွန်တော် အသက် (၃) နှစ်ကတည်းက ရေကူးခဲ့တာဆိုတော့ သူတို့ကို ကယ်တင်နိုင်ခဲ့သလို ခံစားခဲ့ရတာပါ။ ကျွန်တော် ရေထဲပြေးဆင်းလိုက်ပြီး ကလေးရဲ့အမေကို အရင်ဆုံးစုပ်ကိုင်မိခဲ့တာပါ။ ကလေးရဲ့အမေက သူ့သမီးကို ပွေ့ဖက်ထားတဲ့အတွက် မိခင်ရဲ့လက်မောင်းကနေ ကလေးကို ဖမ်းစုပ်ထားရင်းနဲ့ပဲ ကမ်းစပ်ဆီကို သူတို့ (၂) ဦးစလုံးကို ဘေးကင်းစွာနဲ့ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။

ဟေလီက ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။ နောက်နေ့မှာပဲ သူတို့ကို ကယ်တင်ခဲ့လို့ ကျေးဇူးတင်ရင်းနဲ့ သူတို့အိမ်ကို ပြန်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဟေလီတို့သားအမိက ကယ်တင်ခဲ့သူကယ်ဗင်ရဲ့နောက်ဆုံးနာမည်ကို မသိခဲ့ရဘူး။ လတွေကုန်သွားလည်း သူတို့မိသားစုက ဒီကယ်တင်ရှင်သူစိမ်းအမျိုးသားရဲ့ကျေးဇူးကို မမေ့ခဲ့သလို သတိတရလည်းရှိခဲ့ပါတယ်။ “အဲဒီနေ့က ကမ်းခြေမှာ လူရာပေါင်းများစွာရှိပေမဲ့ သူကသာ သတ္တိရှိရှိနဲ့ ကယ်တင်ပေးခဲ့တဲ့ တစ်ယောက်သောသူပါ။ ကျွန်မတို့ိကို ကယ်တင်ဖို့အတွက် သူ့ရဲ့အသက်ကို စွန့်စားခဲ့တဲ့ လုပ်ရပ်အတွက် သူ့ကို ကျေးဇူးတင်ဖို့အတွက် စကားနဲ့တင်ဖော်ပြလို့မရဘူးဆိုတာ ကျွန်မသိပါတယ်” လို့ ဆန်မန်သာက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ဟေလီတို့ဟာ ထပ်ပြီး ကျေးဇူးဆပ်ချင်တဲ့အတွက် လူမှုကွန်ယက်ကနေ ကယ်ဗင်ကို အဆက်အသွယ်လုပ်နိုင်မယ့်အချက်အလက်တွေကို ကြိုးစားရှာဖွေခဲ့ပါတယ်။ ကယ်ဗင်နဲ့ အဆက်အသွယ်လုပ်နိုင်သွားခဲ့ကာ စကားစမြည်ပြောရင်းနဲ့ နောက်နှစ် လက်ထပ်တော့မယ်ဆိုတာ ဆန်မန်သာသိခဲ့ရပါတယ်။ ဒါကြောင့် ဟေလီက ကယ်ဗင်ရဲ့မင်္ဂလာပွဲ၊ ဟန်နီမွန်း၊ လိုအပ်တဲ့အရာတွေအတွက် ကူညီပေးဖို့ ရန်ပုံငွေရှာပေးမယ်ဆိုတဲ့ စိတ်ကူးရခဲ့ပါတယ်။ ဟေလီရဲ့စိတ်ကူးကြောင့် ဆန်မန်သာက GoFundMe ပေ့ချ်ကို ထောင်ခဲ့ပြီး ရန်ပုံငွေရှာပေးနေပါတယ်။ ဆန်မန်သာတို့သားအမိတို့ကလည်း နောက်တစ်ကြိမ်ကျေးဇူးတင်စကားပြောနိုင်ဖို့အတွက် မင်္ဂလာပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ကယ်ဗင်ကတော့ ကယ်တင်ပေးနိုင်ခဲ့တာကိုပဲ သူ့အတွက် လုံလောက်နေပါပြီလို့ ဆိုပါတယ်။

Ref: CNN “A California man saved 10-year-old girl from drowning. Now the girl and her mother are raising money to help pay for the hero’s dream wedding”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top