နှလုံးသားလှသူတွေကြောင့် အသေဖြောင့်ခဲ့တဲ့ အဘွားအို

9.3.2023-yyl-iamge-6.jpg

ဆီဂျာနိုဗစ်လို့ အမည်ရတဲ့ နယူးယော့ခ်မြို့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက လူကုံထံရပ်ကွက်မှာ တိုက်ခန်းတစ်ခန်း ဝယ်တယ်။ အဲဒီတိုက်ခန်းအတွက် တခြားသူတစ်ယောက်က သူ့ထက် ဒေါ်လာ ၁ သိန်း ပိုပေးခဲ့ပေမဲ့ တိုက်ခန်းပိုင်ရှင်က ဆီဂျာနိုဗစ်ကိုပဲ ရောင်းခဲ့တယ်။ ခေါ်ဈေးထက် ဒေါ်လာ ၅၀၀၀၀ လျှော့ပြီးတောင် ရောင်းပေးခဲ့တာပါ။

ဒါပေမဲ့ တိုက်ခန်းပိုင်ရှင်က ဆီဂျာနိုဗစ်ကို ကိစ္စတစ်ခုတော့ တောင်းဆိုခဲ့တယ်။ အဲဒီတိုက်ခန်းမှာ ငှားနေတဲ့ အဘွားအိုကို စောင့်ရှောက်ပေးဖို့ပါပဲ။ အဲလစ်လို့ အမည်ရတဲ့ အဘွားအိုက အသက် ၉၃ နှစ် ရှိနေပြီ။ ဘေးပတ်ဝန်းကျင်တိုက်ခန်းတွေက တစ်လငှားခ ဒေါ်လာ ၂၀၀၀ ဝန်းကျင်ဖြစ်နေပေမဲ့ တိုက်ခန်းပိုင်ရှင်က အဲလစ်ကို တိုက်ခန်းငှားခ ဒေါ်လာ ၂၀၀ ပဲ ယူခဲ့တယ်။ အဲလစ်က ဒီတိုက်ခန်းမှာ ငှားနေလာတာ နှစ် ၆၀ ကျော် ရှိနေပါပြီ။ ဆွေမျိုးသားချင်း မရှိတဲ့ အဘွားအို အဲလစ် ဘဏ်သွားတဲ့အခါ၊ ဆေးရုံဆေးခန်းသွားတဲ့အခါမျိုးမှာလည်း တိုက်ခန်းပိုင်ရှင်ကိုယ်တိုင် လိုက်ပို့ပေးတတ်သူပါ။

တိုက်ခန်းပိုင်ရှင်ကိုယ်တိုင်ကလည်း အငြိမ်းစားယူရတော့မယ့်အရွယ် ရောက်နေပါပြီ။ သူက တိုက်ခန်းရောင်းမယ့်အချိန်မှာ အဲလစ် အဆင်ပြေစေဖို့ ဦးစားပေး စဉ်းစားခဲ့တယ်။ ဒီတိုက်ခန်းကို ဝယ်ယူခဲ့ပြီးနောက်မှာ ဆီဂျာနိုဗစ်က သူ့ကတိအတိုင်း အဲလစ်ကို တိုက်ခန်းမှာ ဆက်ထားတယ်။ အရင်တိုက်ခန်းပိုင်ရှင် မှာတဲ့အတိုင်း ဂရုစိုက်ပေးတယ်။

ဒါပေမဲ့ လပိုင်းအကြာမှာပဲ အဲလစ်က ဆေးရုံကို အရေးပေါ်တင်ခဲ့ရတယ်။ အဲလစ် ဆေးရုံတက်နေချိန်မှာ ဆီဂျာနိုဗစ်က ဆေးရုံကို နေ့တိုင်းသွားပြီး စားစရာတွေ၊ ပန်းစည်းတွေ သွားပို့ပေးတယ်။ အဲလစ် ဆေးရုံတက်ရတာ တစ်နှစ်လောက် ကြာပါတယ်။ အဲဒီအချိန်အတွင်းမှာ ဆီဂျာနိုဗစ်က တိုက်ခန်းကို လူငှားထပ်မတင်ခဲ့ဘူး။ အဲလစ် ဆေးရုံပြန်ဆင်းလာရင် အသင့်ပြန်နေလို့ရအောင် မူလပုံစံအတိုင်း ထားပေးခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ အဲလစ်က အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဆွေမရှိ၊ မျိုးမရှိတဲ့ အဘွားအိုတစ်ယောက်ဟာ နှလုံးသားလှသူတွေကြောင့် သူ့ရဲ့နောက်ဆုံးအချိန်မှာ အသေဖြောင့်ခဲ့တာပါ။

Ref: Man Purchases Apartment Complex After Agreeing To Unusual Condition

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top