လဲကျတာ ရှုံးနိမ့်မှုမဟုတ်၊ ပြန်မထမှသာ ရှုံးနိမ့်ခြင်းဖြစ်

10-8-2020-yyl-019.jpg

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွေကိုတော့ ဒီနေ့မနက်ပဲ အွန်လိုင်းကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တချို့တွေက ဂုဏ်ထူးတွေနဲ့ အောင်ကြတယ်။ တချို့ကျတော့ ရိုးရိုးအောင်တယ်။ တချို့တွေလည်း စာမေးပွဲမအောင်ကြပါဘူး။ စာမေးပွဲအောင်တဲ့သူတွေ ဝမ်းသာဂုဏ်ယူသလို မအောင်တဲ့သူတွေကိုလည်း စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်။

ကျွန်တော်တို့ ဖြတ်သန်းရမယ့် ဘဝမှာ စာမေးပွဲတွေ အများကြီး ကြုံရဦးမှာပါ။ စာမေးပွဲမအောင်တာအဖတ်ဆည်လို့မရတဲ့ ကျရှုံးမှုမျိုးမဟုတ်ပါဘူး။ ထပ်ကြိုးစားလည်း ထူးမှာမဟုတ်ပါဘူးဆိုတဲ့ အတွေးကသာ အဖတ်ဆည်လို့မရတဲ့ ကျဆုံးမှုပါ။ လဲကျသွားပြီးနောက်မှာ ဘယ်လောက်အထိ ကောင်းကောင်းပြန်ထနိုင်လဲဆိုတာ အဓိကပါပဲ၊ ဒီအချက်ကပဲ ကျွန်တော်တို့ဘဝကို သတ်မှတ်ပေးမှာပါ။ ၇ ကြိမ်လဲကျရင် ၈ ကြိမ်မြောက် ပြန်ထပါ။ ဘဝဆိုတာ ကြိုးစားနေသရွေ့ မရှုံးပါဘူး။

လောကဓံကြိုးဝိုင်းထဲမှာ သူတစ်ပြန်၊ ကိုယ်တစ်ပြန် ထိုးရတဲ့အခါ လဲကျမှာကို မကြောက်ပါနဲ့။ ပြန်မထနိုင်မှာကိုပဲ ကြောက်ပါ။ ဘာကြောင့်လဲဆိုတော့ ပြန်မထနိုင်ရင် ရှုံးမှာမို့ပါပဲ။ တစ်ကြိမ်တစ်ခါ ရှုံးရုံနဲ့ အားငယ်နေတဲ့အခါ သောမတ်စ်အက်ဒီဆင်ကို သတိရပါ။ သူဟာ လျှပ်စစ်မီးသီးကို တီထွင်တုန်းက နန်းကြိုးထည့်ဖို့ အကြိမ် ၁၀၀၀ ကြိုးပမ်းခဲ့ရပါတယ်။

စိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးနိုင်စွမ်းမရှိလို့ဆိုပြီး သတင်းစာတိုက်က ထုတ်ခံခဲ့ရ၊ အန်နီမေးရှင်းကုမ္ပဏီထောင်ခဲ့ပေမဲ့ နေရာငှားခမပေးနိုင်လို့ ကုမ္ပဏီဖျက်သိမ်းခဲ့ရ၊ ပိုက်ဆံမတတ်နိုင်လို့ တိရစ္ဆာန်အစာစားပြီး မဆုတ်မနစ်ကြိုးပမ်းခဲ့တဲ့ ဝေါ့ဒစ္စနေးကို သတိရပါ။ အလုပ်သမားလူတန်းစားကနေ မွေးဖွားပြီး အသက် ၁၄ နှစ်အရွယ်မှာ ကိုယ်ဝန်ရှိခဲ့သူ၊ ရုပ်သံဌာနမှာ စအလုပ်လုပ်တုန်းက သိပ်မကြာခင်ပဲ အလုပ်ထုတ်ခံခဲ့ရပေမဲ့ အမေရိကန်နိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး ရုပ်သံအစီအစဉ်တင်ဆက်သူဖြစ်ခဲ့တဲ့ အော်ပရာဝင်းဖရေးကို မြင်ယောင်ကြည့်ပါ။

ဟယ်ရီပေါ်တာစာအုပ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ စာရေးဆရာ ဂျေကေရိုးလင်းဆိုရင်လည်း သူ့ရဲ့ပထမဆုံးစာအုပ်ကို ထုတ်ဝေသူ ၁၂ ယောက်က ငြင်းဆန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့တွေ အောင်မြင်ခဲ့တဲ့ အကြောင်းရင်းကတော့ အရှုံးမပေးခဲ့လို့ပါပဲ။ ဒါကြောင့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။ အရှုံးမပေးမချင်း အောင်မြင်မှုကို ကိုင်ဆုပ်ဖို့ အခွင့်အရေးရှိနေတုန်းပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top