ရုပ်ရှင်ကားမှာ ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့အထိ ရေပန်းစားခဲ့တဲ့ အမြီးတုနဲ့ လင်းပိုင်မလေး

9-19-2022-yyl-36.jpg

ရုပ်ရှင်ကားမှာ ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့အထိ ရေပန်းစားခဲ့တဲ့ အမြီးတုနဲ့ လင်းပိုင်မလေး

လင်းပိုင်မလေးတစ်ကောင်ကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖလော်ရီဒါကမ်းရိုးတန်းမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ကို ပင်လယ်ကဏန်းတွေအတွက် ထောင်ချောက်ဆင်ထားတဲ့ ကြိုးတွေနဲ့ တင်းတင်းကျပ်ကျပ်ရစ်ပတ်နေခဲ့တဲ့အတွက် Clearwater Marine Aquarium ငါးပြတိုက်ရဲ့အဖွဲ့သားတွေက ကယ်တင်ခဲ့ရပါတယ်။ ကယ်တင်ခဲ့တဲ့အချိန်မှာ သူဟာ ၂ လသားအရွယ်ပဲရှိပါသေးတယ်။ သူ့ကို ဒီဇင်ဘာလမှာ တွေ့ရှိခဲ့လို့ ဝင်းတားလို့ အမည်ပေးခဲ့တယ်။ ဝင်းတားက ပုလင်းနှုတ်သီးလင်းပိုင်အမျိုးအစားပါ။

ငါးပြတိုက်မှာ ရေပန်းစားဆုံးလင်းပိုင်လေးဖြစ်ခဲ့တဲ့ ဝင်းတား

သူ့ကို ရစ်ပတ်ချုပ်နှောင်ခဲ့တဲ့ ကြိုးက သူ့အမြီးဆီ သွေးစီးဆင်းမှု ထိခိုက်စေခဲ့တဲ့အတွက် အမြီးကို ဖြတ်ပစ်ခဲ့ရတယ်။ အမြီးဆုံးရှုံးလိုက်ရတဲ့ ဝင်းတားက အခြားလင်းပိုင်တွေရေကူးသလို သဘာဝအတိုင်း ရေကူးလို့မရဘူး။ အဲဒါကြောင့် ပုံမှန်အတိုင်း ရေကူးလို့ရဖို့ ဆီလီကွန်နဲ့ပလက်စတစ်အမြီးတုတပ်ပေးဖို့ လုပ်ခဲ့ကြပါတယ်။

နောက်ဆုံးထွက်သက်အထိ ငါးပြတိုက်မှာပဲ နေခဲ့တဲ့ ဝင်းတား

အိုင်ယာလန်လူမျိုး ခြေတုလက်တုပညာရှင် ကယ်ဗင် ကာရိုနဲ့အဖွဲ့က ဝင်းတားအတွက် အမြီးကို ဒီဇိုင်းဆွဲ၊ ဖန်တီးပေးဖို့ အချိန် (၁) နှစ်ခွဲယူခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ဝင်းတာအတွက် အမြီးတုဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဝင်းတားက Clearwater Marine Aquarium မှာ ရေပန်းအစားဆုံးလင်းပိုင်ဖြစ်လာခဲ့ပြီး မသန်စွမ်းသူတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဝင်းတားအကြောင်းကို “Winter’s Tail: How One Little Dolphin Learned to Swim Again” ခေါင်းစဉ်နဲ့ ကလေးစာအုပ်ထွက်ရှိခဲ့ပါတယ်။

လင်းပိုင်လေးကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Dolphin Tale 1 ဇာတ်ကား

အဲဒီနောက် ဝင်းတားရဲ့ဇာတ်လမ်းကို အခြေခံထားတဲ့ Dolphin Tale အမည်နဲ့ ရုပ်ရှင်ကားကို ၂၀၁၁ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီဇာတ်ကားမှာ ဝင်းတားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဝင်းတားကိုယ်တိုင် ဆက်ပြီး ပါဝင်ခဲ့တဲ့၊ ဝင်းတားနဲ့အတူ နေထိုင်ခဲ့တဲ့ လင်းပိုင်လေး Hope အကြောင်း မိတ်ဆက်ပေးထားတဲ့ နောက်ဆက်တွဲရုပ်ရှင်ကား Dolphin Tale 2 ကလည်း ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။

ဝင်းတားက Clearwater Marine Aquarium ငါးပြတိုက်မှာ (၁၆) နှစ်နီးပါးနေထိုင်ခဲ့ပါတယ်။ ဝင်းတားဟာ အစာအိမ်နဲ့အူလမ်းကြောင်းပိုးဝင်တဲ့လက္ခဏာတွေ ပြနေတယ်လို့ the Clearwater Marine Aquarium က ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ သူ့ရဲ့အခြေအနေက စိုးရိမ်ရတယ်လို့ ထပ်ပြီး အသိပေးခဲ့ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့၊ ခွဲစိတ်ကုသမှုလုပ်ဖို့ ပြင်ဆင်နေစဉ်အတွင်း ဝင်းတားသေဆုံးသွားခဲ့ပါတယ်။

Ref: Wikipedia “Winter (Dolphin)”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top