ဒေါ်နယ်ထရမ့်ကို အားပေးတဲ့ ဆူပူသောင်းကျန်းသူတွေက လွှတ်တော်ကို ဝင်ရောက်စီးနင်း၊ တစ်ဦး သေဆုံး

7-1-2021-yyl05.jpg

ဒေါ်နယ်ထရမ့်ကို အားပေးတဲ့ ဆူပူသောင်းကျန်းသူတွေက လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို အတည်ပြုဖို့ လွှတ်တော်အဆောက်အအုံမှာ အထူးအစည်းအဝေး ကျင်းပနေတုန်း ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ ဆူပူသောင်းကျန်းသူတွေက လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့တာပါ။ ဒီအတွက် လွှတ်တော်နှစ်ရပ်ရဲ့ အထူးအစည်းအဝေးကို ရပ်နားခဲ့ရပါတယ်။

ရဲတပ်ဖွဲ့နဲ့ ဆူပူသောင်းကျန်းသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လွှတ်တော်အဆောက်အအုံ စီးနင်းတိုက်ခိုက်ခံရတာဟာ ၁၈၁၂ ခုနှစ် စစ်ပွဲနောက်ပိုင်း အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်လွှတ်တော်အတွက် အမှောင်ဖုံးတဲ့နေ့လို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က သုံးနှုန်းခဲ့ပါတယ်။

ဆူပူသောင်းကျန်းသူတွေက လွှတ်တော်အဆောက်အအုံကို ဝင်မစီးခင် တစ်နာရီလောက်အလိုမှာ ဒေါ်နယ်ထရမ့်က National Mall မှာ အားပေးသူထောင်ပေါင်းများစွာကို မိန့်ခွန်းပြောခဲ့ပြီး ရွေးကောက်ပွဲရှုံးနိမ်မှုကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။ အဲဒီနောက်မှာ အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာပါ။ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံရဲ့ ဝင်ပေါက်နှစ်ဖက်လုံးကို ပိတ်ဆို့ထားပြီး ဆူပူသောင်းကျန်းသူတွေက အရှေ့ဘက်ဝင်ပေါက်ကနေ လွှတ်တော်ထဲ ဝင်ရောက်ခဲ့ကြတာပါ။ သူတို့တွေက ” ဒေါ်နယ်ထရမ့်ကိုပဲ အလိုရှိတယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ လွှတ်တော်ခန်းမ လျှောက်လမ်းတွေကို ဝင်ရောက်လာခဲ့ကြတာပါ။

ဒေါ်နယ်ထရမ့်က အကြမ်းမဖက်ကြဖို့ တွစ်တာပေါ်ကနေ ၂ ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ပေမဲ့ ဒုတိယအကြိမ် မေတ္တာရပ်ခံမှုမှာလည်း ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိတယ်လို့ ထည့်သွင်းပြောကြားခဲ့တဲ့အတွက် Facebook၊ Twitter နဲ့ YouTube က သူ့ရဲ့ဗီဒီယိုတွေနဲ့ ရေးသားဖော်ပြချက်တွေကို ဖြုတ်ချခဲ့ပါတယ်။ တွစ်တာက ဒေါ်နယ်ထရမ့်ရဲ့အကောင့်ကို ၁၂ နာရီကြာ ပိတ်ထားပါတယ်။

ဆူပူသောင်းကျန်းသူတွေ ဝင်ရောက်လာချိန်မှာ လွှတ်တော်အမတ်တွေနဲ့ စာနယ်ဇင်းသမားတွေကို ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ စွပ်ခိုင်းပြီး လုံခြုံရေးစိတ်ချရစေမယ့် နေရာတစ်ခုကို ပို့ဆောင်ခဲ့ကြပါတယ်။ လွှတ်တော်အဆောက်အအုံအပြင်ဘက်မှာ သတင်းသမားတွေ နေရာချထားတဲ့ ကင်မရာပစ္စည်းတွေကိုလည်း ဆူပူသောင်းကျန်းသူတွေက ဖျက်ဆီးခဲ့ပြီး သတင်းသမားတွေကိုပါ ဆဲရေးတာ၊ တိုက်ခိုက်တာမျိုး လုပ်ခဲ့ပါတယ်။

အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင် ၂၇၀၀၊ ဗာဂျီးနီးယားပြည်နယ်က တပ်ဖွဲ့ဝင် ၆၅၀ ကို လွှတ်တော်အဆောက်အအုံရှိရာ ပို့ဆောင်ခဲ့ပြီးနောက်မှာတော့ ဆန္ဒပြတဲ့လူစုကို လူစုခွဲနိုင်ခဲ့ပါတယ်။ အခုချိန်အထိ ဆန္ဒပြသူ ၁၃ ယောက်ကို ဖမ်းဆီးထားပြီး ပစ္စတိုသေနတ်နဲ့ ပြောင်းရှည်သေနတ်တွေအပါအဝင် သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့က ပြောပါတယ်။ ဝါရှင်တန်ဒီစီမှာ ဗုဒ္ဓဟူးနေ့ည ၆ နာရီကစပြီး ကြာသပတေးနေ့ နံနက်အထိ အကျုံးဝင်မယ့် ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

Ref: BBC Live Reporting

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top