သူ့ရဲ့ရယ်စရာဟာသတွေနဲ့ အခြားသူတွေကို ပျော်ရွှင်မှုပေးစွမ်းချင်နေတဲ့ ကလေးလေး

19.9-2022-yyl-image-01.jpg

သူ့ရဲ့ရယ်စရာဟာသတွေနဲ့ အခြားသူတွေကို ပျော်ရွှင်မှုပေးစွမ်းချင်နေတဲ့ ကလေးလေး (သူ့ညီလေး၊ ညီမလေးတွေနဲ့အတူ)

ကလေးလေးတစ်ယောက်က ရယ်စရာဟာသတွေရေးပြီး အခြားသူတွေဆီ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးချင်နေပါတယ်။ သူကတော့ စင်ကာပူနိုင်ငံက အသက် ၈ နှစ်အရွယ် အာရွန် တေး ဆိုတဲ့ ကောင်လေးပါ။ အာရွန်ဟာ ဇွန်လက 150 Jokes for Monstrously Funny Kids ခေါင်းစဉ်နဲ့ ရယ်စရာဟာသစာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူက သူ့ရဲ့အမေ လီယာ လွိုင်၊ သူ့ညီလေး ရိုဘင်တို့ရဲ့အကူအညီနဲ့ ရေးသားထုတ်ဝေခဲ့တာပါ။

ဒီစာအုပ်ကို ဇွန်လမှာ ထုတ်ဝေကတည်းက အုပ်ရေ ၁၅၀၀ ကျော်ရောင်းချခဲ့ရပြီး ကင်ဆာရောဂါသည်ကလေးတွေနဲ့ သူ့မိသားစုတွေအတွက် အနည်းဆုံး စင်ကာပူဒေါ်လာ ၁၅၀၀ ရှာပေးဖို့ ကူညီပေးခဲ့ပါတယ်။ မကြာသေးခင်က အာရွန်တေးတို့ဟာ တတိယအကြိမ် အုပ်ရေ ၂၀၀၀ ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

ကင်ဆာရောဂါအတွက် ဓာတုကုထုံးခံယူစဉ် ပြုံးပြနေတဲ့ အာရွန်

တကယ်တော့ အာရွန်တေးကိုယ်တိုင်ကလည်း ကင်ဆာရောဂါခံစားခဲ့ရဖူးတဲ့သူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ (၂) နှစ်က အာရွန်ရဲ့မိဘတွေဟာ သူ့ရဲ့လည်ပင်းမှာ အကျိတ်တစ်ခုတွေ့ရှိခဲ့ရတယ်။ အဲဒီနောက်မကြာခင်မှာပဲ အာရွန်လေးက ခုခံအားစနစ်အပေါ်သက်ရောက်စေတဲ့ ကင်ဆာအမျိုးအစားဖြစ်တဲ့ B-cell lymphoma အစောဆုံးအဆင့်ကို ခံစားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အသက် ၆ နှစ်ပဲရှိပါသေးတယ်။ ရောဂါရှိတယ်ဆိုတာကို စသိသိချင်းမှာ အာရွန်ရဲ့မိဘတွေက ဝမ်းနည်းပူဆွေးနေမယ့်အစား ဆေးစစ်တာနဲ့ ရောဂါကုသတာတွေအပေါ်မှာ အာရုံစိုက်ခဲ့ပါတယ်။ အာရွန်ရဲ့အမေကလည်း ကိုယ်ဝန်လွယ်ထားရတယ်။ ကင်ဆာရောဂါသည်ကလေးနဲ့ မွေးလာတော့မယ့်ကလေးကို ဘယ်လို ဂရုစိုက်ပေးရမလဲဆိုပြီး အခက်ကြုံခဲ့ရပါတယ်။

အာရွန်က အကြိမ်ရေများစွာ ဓာတုကုထုံးခံယူခဲ့ရပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် လူနာစောင့်တစ်ယောက်ပဲ နေခွင့်ပြုထားတဲ့အတွက် အာရွန် ရောဂါကုသမှုခံယူစဉ်တစ်လျှောက်လုံး သူ့အဖေက အဖော်ပြုပေးခဲ့ပါတယ်။ အဲဒါကြောင့် အာရွန်ရဲ့အမေက သမီးငယ်လေးကို ခင်ပွန်းဖြစ်သူအနားမှာမရှိဘဲ မွေးဖွားခဲ့ရပါတယ်။ သမီးငယ်လေးကလည်း ကာဝါဆာကီရောဂါရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ သက်သာသွားခဲ့ပါတယ်။

ကင်ဆာရောဂါကုသပြီးသွားရင် လုပ်ဖို့အတွက် စာရင်းလုပ်ထားတဲ့ အာရွန်

အာရွန် ဓာတုကုထုံးခံယူရတဲ့အခါ အသုံးပြုတဲ့ဆေးဝါးတွေက သူ့ရဲ့အစာစားချင်စိတ်အပေါ် များစွာ သက်ရောက်မှုဖြစ်စေတာကြောင့် သူ့ကို မအီမသာဖြစ်စေပြီး အရသာခံနိုင်စွမ်းအားကို ထိခိုက်စေခဲ့ပါတယ်။ အာရွန် အစာတွေအများကြီးစားလာအောင် သူ့အမေက မကြာခဏ ရယ်စရာဟာသတွေ ပြောပြပေးခဲ့ရပါတယ်။ ရယ်စရာဟာသတွေပြောတာက အတော်လေးအသုံးဝင်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက အာရွန်ကိုယ်တိုင်က ရယ်စရာဟာသတွေ စပြီးပြောလာခဲ့တာပါပဲ။ သူ့အမေပြောတဲ့ရယ်စရာဟာသထက် ပိုကောင်းနေခဲ့ပါတယ်။

ရောဂါကုသမှုခံယူစဉ်တစ်လျှောက်လုံး အာရွန်က ရယ်စရာဟာသတွေ အဆက်မပြတ်ပြောနေခဲ့တာပါ။ အာရွန်က ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ကုသမှု ပြီးဆုံးခဲ့ပါတယ်။ ရောဂါကနေ ပြန်လည်သက်သာခဲ့တာ (၂) နှစ်ရှိပါပြီ။ ဓာတုကုထုံးကုသမှုခံယူခဲ့စဉ်က အာရွန်က ကုသပြီးသွားရင် လုပ်ချင်ခဲ့တဲ့အရာတွေကို စာရင်းပြုစုထားခဲ့တာပါ။ အဲဒီအထဲမှာ သူ့အမေ၊ သူ့မွေးချင်းမောင်နှမတွေနဲ့အတူ စာအုပ်တစ်အုပ်ရေးသားထုတ်ဝေမယ်၊ ကင်ဆာရောဂါသည်ကလေးတွေကို ကူညီပေးမယ်ဆိုတာတွေ ပါဝင်ပါတယ်။

ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်အတွက် သရုပ်ဖော်ပုံဆွဲပေးခဲ့တဲ့ အာရွန်ရဲ့ညီလေး ရိုဘင်

သူ့မိဘတွေက အာရွန်ကို သူ့ရဲ့အိပ်မက်တွေနားလည်လာဖို့ စာအုပ်ရေးသားထုတ်ဝေတာက အကူအညီဖြစ်စေမယ်လို့ ယုံကြည်ခဲ့ပါတယ်။ အာရွန်ရဲ့ညီလေး ရိုဘင်က ပန်းချီမှာ အရမ်းအရည်အချင်းရှိတာကြောင့် စာအုပ်အတွက် သရုပ်ဖော်ပုံတွေ ရေးဆွဲပေးခဲ့ပါတယ်။

အာရွန်ရဲ့ရယ်စရာဟာသစာအုပ်က တစ်အုပ်ကို စင်ကာပူဒေါ်လာ ၇.၉၀ ပါ။ အခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရောင်းရတဲ့ စာအုပ်တိုင်းရဲ့ ၁ ဒေါ်လာစီကို Children’s Cancer Foundation ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ အာရွန်က လူတိုင်းအတွက် အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေရတဲ့ ကလေးတွေအတွက် ပျော်ရွှင်မှုတွေယူဆောင်လာဖို့ ဟာသတွေနဲ့ ရယ်မောစရာဇာတ်လမ်းတွေကို ထပ်မံဖန်တီးနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: CNA “He’s 8, has battled cancer and written a book of jokes. Now he wants to bring joy to others”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top