အသက်ကို ပဓာနမထားဘဲ မီးဘေးကနေ တိရစ္ဆာန်တွေကို ကယ်တင်ခဲ့တဲ့ အိမ်ခြေရာမဲ့

29-12-2020-yyl13.jpg

အိမ်ခြေရာမဲ့အမျိုးသားတစ်ယောက်ကတော့ သူ့အသက်ကိုတောင် မငဲ့ဘဲ တိရစ္ဆာန်ဂေဟာက တိရစ္ဆာန်တွေအားလုံးကို မီးဘေးကနေ ကယ်တင်ခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အသက် ၅၃ နှစ်အရွယ် ကိတ်သ် ဝေါ်ကာ (Keith Walker) ဆိုတဲ့အမျိုးသားက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မီးလောင်ကျွမ်းနေတဲ့ W-Underdogs တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာထဲကို အပြေးလွှားဝင်ရောက်ခဲ့ပြီး တိရစ္ဆာန်တွေကို ကယ်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအချိန်တုန်းက မီးခိုးငွေ့တွေဖုံးလွှမ်းနေတဲ့ တိရစ္ဆာန်ဂေဟာထဲကို ဝင်ဖို့အတွက် အတော်လေးကြောက်ရွံ့ခဲ့ပေမဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့အတွက် အဲဒီထဲရောက်သွားခဲ့တယ်လို့ ဝေါ်ကာက ဆိုပါတယ်။ “ခွေးတစ်ကောင်ကို ချစ်တယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ဘယ်သူ့ကိုမဆို ချစ်လို့ရပါတယ်။ ခွေးက ကျွန်တော့်ရဲ့အကောင်းဆုံးမိတ်ဆွေပါပဲ။ သူတို့မရှိဘဲ ကျွန်တော်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ခွေးတွေအပါအဝင် တိရစ္ဆာန်တွေကို ကယ်တင်ရမယ်ဆိုတာ ကျွန်တော်သိခဲ့တယ်” လို့ ဝေါ်ကာ ပြောပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက မီးဘေးကြောင့် အရမ်းကြီးမပျက်စီးသွားခဲ့ပေမဲ့ နေထိုင်လို့မရတော့ဖြစ်စေတယ်လို့ W-Underdogs တည်ထောင်သူ ဂရေ့ဆီ ဟန်မ်လင် (Gracie Hamlin) က ပြောပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ W-Underdogs ဂေဟာက နေရာအသစ်ကို ပြောင်းရွှေ့နေတာ တစ်ပတ်လောက်ရှိနေပြီဖြစ်ပါတယ်။ “ဝေါ်ကာက ကျွန်မတို့ရဲ့အစောင့်အရှောက်နတ်တစ်ပါးပါပဲ။ မီးသတ်သမားတွေကတောင် ခွေးတွေကို ကယ်တင်ဖို့မဖြစ်နိုင်တဲ့အတွက် Animal Control ကို ခေါ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဝေါ်ကာက ကြောင်လေးတွေနဲ့ ခွေးလေးတွေ အန္တရာယ်ကင်းသွားတဲ့အထိ ကယ်တင်ဖို့အတွက် အဆောက်အဦးထဲ ရောက်နေခဲ့ပါပြီ” လို့ ဂရေ့ဆီက ပြောပါတယ်။

ဂရေ့ဆီက ဝေါ်ကာကို ဟိုအရင်ကတည်းက သိခဲ့တာပါ။ ဝေါ်ကာရဲ့ခွေးလေးကို သူ့ရဲ့ဂေဟာမှာ ညတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရတဲ့အတွက်ကြောင့်ပါ။ ဝေါ်ကာ သူ့ရဲ့ခွေးလေးကို ဂေဟာကနေ ခေါ်ပြီး လမ်းလျှောက်သွားဖို့ လုပ်တဲ့အချိန်မှာ မီးလောင်နေတာကို သိခဲ့ရတာဖြစ်ပါတယ်။ သူဟာ ခွေး (၆) ကောင်နဲ့ ကြောင် (၁၀) ကောင်တို့ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ “တိရစ္ဆာန်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ရုံနဲ့ မလုံလောက်ပါဘူး။ သူက ကျွန်မတို့ရဲ့ဟီးရိုးပါပဲ” လို့ ဂရေ့ဆီက ဆိုပါတယ်။

Ref: CNN “A homeless man rescued all the animals at a shelter after it caught on fire”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top