အစ္စလာမ်ဘာသာဝင်တွေရဲ့ အထူးဝတ်ပြုခရီးစဉ် သို့မဟုတ် ဟာဂ်ျ

39714771_1995791847118392_168016831401951232_n.jpg

ကမ္ဘာတစ်ဝန်းက အစ္စလာမ်ဘာသာဝင် ၁.၈ ဘီလျံအတွက်ကတော့ ဟာဂ်ျဆိုတာ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ပါပဲ။ နှစ်စဉ်နှစ်တိုင်း ဝတ်ပြုသူ သုံးသန်းလောက်က အပြစ်တွေ ဆေးကြောဖို့

၊ ခွင့်လွှတ်ဖို့၊ ခွင့်လွှတ်မှု ခံယူဖို့အတွက် အစ္စလာမ်အသိုက်အဝန်းရဲ့ နှလုံးသည်းပွတ်ဖြစ်ရာ မက္ကာမြို့ကို သွားရောက်ဝတ်ပြုကြပါတယ်။

အစ္စလာမ်ဘာသာရဲ့ မဏ္ဍိုင်ကြီး ၅ ခုထဲက တစ်ခုဖြစ်တဲ့ ၅ ရက်ကြာ ဝတ်ပြုရေးခရီးစဉ်ကို သွားရောက်ကြတဲ့ ဝတ်ပြုသူတွေက အဖြူရောင်အဝတ်တွေ လွှမ်းခြုံထားကြပါတယ်။ ကျန်းမာရေးကောင်းပြီး ငွေရေးကြေးရေးအဆင်ပြေတဲ့ အစ္စလာမ်ဘာသာဝင်တွေအားလုံး သူတို့ရဲ့ ဘဝတစ်သက်တာမှာ တစ်ခါတော့ မက္ကာကိုသွားဖို့ လိုအပ်ပါတယ်။ မက္ကာဆိုတာ မွတ်စလင်တွေ စည်းလုံးညီညွတ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး ဟာဂ်ျဝတ်ပြုရေး ခရီးစဉ်မှာ ဝတ်ပြုသူတွေကြား အဆင့်အတန်း၊ လူမျိုးနဲ့ နိုင်ငံ မခွဲခြားကြဘူးလို့ ဆိုပါတယ်။

လူမည်းတွေအတွက် အခွင့်အရေးလှုပ်ရှားသူ မယ်ကွန်အိတ်စ်ဟာ လုပ်ကြံမခံရခင် တစ်နှစ်နီးပါးအလိုဖြစ်တဲ့ ၁၉၆၄ ခုနှစ်က ဟာဂ်ျဝတ်ပြုရေး ခရီးစဉ်မှာ အစ္စလာမ်ဘာသာဝင် လူဖြူတွေနဲ့ လူဖြူမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေကြား စည်းလုံးညီညွတ်မှုကို အံ့အားသင့်ခဲ့ဖူးပါတယ်။ မက္ကာ ခရီးစဉ်ကနေ အမေရိကန်ကို ပြန်သွားချိန်မှာတော့ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ သူ့ရဲ့ယုံကြည်ချက် တော်တော်များများ ပျောက်ကွယ်သွားတယ်လို့ ဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် အာဏာကြီးထွားလာတာနဲ့အမျှ ဆော်ဒီနိုင်ငံက နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး အင်အားထုတ်ပြတဲ့ပုံစံမျိုး ချဉ်းကပ်လာတဲ့အတွက် မက္ကာက နိုင်ငံရေးအက်ကွဲကြောင်း ဖြစ်လာခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆော်ဒီနဲ့ ကနေဒါနိုင်ငံကြား သံတမန်ရေးရာ ပဋိပက္ခဖြစ်ရာကနေ ကနေဒါနဲ့ ဆော်ဒီနိုင်ငံကြား ပျံသန်းနေတဲ့ အဓိက လေကြောင်းခရီးစဉ် ပိတ်လိုက်လို့ အစ္စလာမ်ဘာသာဝင် ဝတ်ပြုဆုတောင်းသူတွေအတွက် ရတက်ပွေစရာ ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဆော်ဒီနိုင်ငံ ဦးဆောင်ပြီး ကာတာနိုင်ငံအပေါ် ပိတ်ဆို့မှုလုပ်တာ၊ အီရန်နဲ့ ဆော်ဒီကြား သံတမန်ရေးရာ ပျက်ပြားခဲ့တာတွေကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကာတာနဲ့ အီရန်နိုင်ငံက ဝတ်ပြုသူတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ယီမင်နိုင်ငံမှာ ဟူသီသူပုန်တွေနဲ့ ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့ကြား စစ်ပွဲဖြစ်ပွားနေလို့ မက္ကာကို သွားရောက် ဝတ်ပြုချင်နေတဲ့ ယီမင်နိုင်ငံသား သန်းပေါင်းများစွာကို ပိတ်မိစေခဲ့ပါတယ်။ ဒါတောင် အခုနှစ်မှာ မက္ကာကို လာရောက်တဲ့ နိုင်ငံတကာ ဝတ်ပြုသူ ၁ ဒသမ ၅ သန်းကျော် ရှိနေတုန်းပဲလို့ ဆော်ဒီအရာရှိတွေက ပြောပါတယ်။

အဲဒီသူတွေကတော့ နိုင်ငံရေးရာသီဥတု အပူချိန် ဆက်မြင့်နေလို့ ဖြစ်ပေါ်လာတဲ့ အတားအဆီးတွေကို တွန်းဖယ်ရင်း ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်က အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရင်း လူအုပ်ပိတာ၊ မီးလောင်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ အစရှိတဲ့ အကြောင်းအရာတွေကို ဥပေက္ခာပြုပြီး ဝတ်ပြုရေးခရီးစဉ်ကို မရောက်မနေ လာတဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေပါ။ ကြုံရတဲ့ အခက်အခဲတွေထက် ဟာဂ်ျကြောင့်ရလာမယ်ဆိုတဲ့ ဘာသာရေးသက်ဝင်ယုံကြည်မှုကို ပိုအာရုံစိုက်ကြသူတွေလို့ ဆိုနိုင်ပါတယ်။

မက္ကာသို့ ရောက်ချိန်

မက္ကာကို လာရောက်တဲ့ ဝတ်ပြုသူ တော်တော်များများက ဟာဂ်ျ မစတင်ခင် သီတင်းပတ် နှစ်ပတ်၊ သုံးပတ် အလိုကတည်းက မက္ကာမြို့ကို ရောက်နေကြသူတွေပါ။ ဝတ်ပြုသူတွေက အထူးချုပ်လုပ်ထားတဲ့ အဖြူရောင် အဝတ်ကို ဝတ်ဆင်ကြပါတယ်။ အမျိုးသားတွေက ချုပ်ရိုးချုပ်သား မထင်တဲ့ အဝတ်တွေ လွှမ်းခြုံထားပြီး အမျိုးသမီးတွေကတော့ အဖြူရောင်ဝတ်စုံနဲ့ ခေါင်းစည်းပဝါ ခြုံကြပါတယ်။ အဲဒီဝတ်စားဆင်ယင်မှုဟာ ဘုရား မပွင့်ခင်က လူသားတွေ တန်းတူညီမျှရှိပြီး စည်းလုံးညီညွတ်ကြတာကို အမှတ်အသားပြုတယ်လို့ ဆိုပါတယ်။ ကျမ်းဟောင်းထဲက တမန်တော် အီဘရာဟီမ် ဆောက်လုပ်ခဲ့တယ်လို့ အစ္စလာမ်ဘာသာဝင်တွေ ယုံကြည်ကြတဲ့ ကုဗပုံအဆောက်အအုံ(ကအ်ဘာကျောင်းတော်- Kaaba)ကို လက်ဝဲရစ်ရစ်ပြီး ဝတ်ပြုသူတွေက ဟာဂ်ျ စတင်ကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ မျက်နှာမူရာ အရပ်ဖြစ်တဲ့ ကအ်ဘာကျောင်းတော်ဟာ အစ္စလာမ်ဘာသာရဲ့ အထွတ်အမြတ်အထားဆုံး ကျောင်းတော်ပါ။

အေဒီ ၆၂၈ ခုနှစ်မှာ တမန်တော် မုဟမ္မဒ်က နောက်လိုက်တပည့် ၁၄၀၀ နဲ့အတူ မက္ကာကို လာရောက်ပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ ပထမဆုံး ဝတ်ပြုမှု လုပ်ခဲ့ပါတယ်။ မက္ကာကို အစ္စလာမ်ဘာသာဝင်တွေအတွက်ပဲ သက်ဆိုင်တဲ့မြို့လို့ သတ်မှတ်ထားပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို လုံးဝဝင်ခွင့်မပေးပါဘူး။ ဘာလို့လဲဆိုတော့ အစ္စလာမ်အသိုက်အဝန်းက အထွတ်အမြတ်ထားရာနေရာရဲ့ ဗဟိုချက်ဖြစ်နေလို့ပါပဲ။ ဆော်ဒီဘုရင်ကတော့ မက္ကာမြို့က ဂရန်းဗလီ(Grand Mosque)နဲ့ မဒီနာမြို့က တမန်တော်ရဲ့ဗလီတွေကို ရည်ညွှန်းပြီး ”အထွတ်အမြတ်ထားရာ ဗလီနှစ်လုံးကို ထိန်းသိမ်းစောင့်ရှောက်သူ”ဆိုတဲ့ ဂုဏ်ပုဒ်ကို နှစ်သက်သူပါ။

ဆော်ဒီအာဏာပိုင်တွေဟာ သူတို့နိုင်ငံအတွင်း ဝတ်ပြုသူတွေ ဝင်၊ ထွက် သွားလာရာမှာ ဗီဇာလျှောက်ထားမှုကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားပြီး ဝန်ထမ်း ၄၀၀၀၀ ရှိတဲ့ ဟာဂ်ျဝန်ကြီးဌာနကနေ သီးသန့်ကိုင်တွယ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မက္ကာမြို့ကို ဟာဂ်ျဝတ်ပြုသူ ၂၄ သန်း လာရောက်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဝတ်ပြုရေးကာလမှာ ပြည်သူ့ဝန်ထမ်း ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားရပါတယ်။

ကမ္ဘာ့ရွက်ဖျင်တဲမြို့

ဟာဂ်ျ ဝတ်ပြုရေးခရီးစဉ်မှာ အဆင့် ၆ ဆင့် ကျော်ဖြတ်ဖို့အတွက် ဝတ်ပြုသူတွေက နိုင်ငံပေါင်း ၈၀ ကျော်က အစ္စလာမ်ဘာသာဝင်တွေနဲ့ ရင်ပေါင်တန်းပြီး လူအုပ်ကြီးထဲမှာ လမ်းလျှောက်ကြရပါတယ်။ သူတို့အချင်းချင်း အစားအစာတွေ ဝေမျှစားတာ အတူတူဝတ်ပြုတာမျိုး လုပ်ကြပြီး အိပ်တော့လည်း နီးနီးကပ်ကပ် အိပ်ကြပါတယ်။

တောင်ထိပ်ပေါ်က တရားစာ

ဟာဂ်ျ ဝတ်ပြုရေးခရီးစဉ်မှာ တတိယမြောက်လုပ်ရတာကတော့ တမန်တော် မုဟမ္မဒ် နောက်ဆုံးတရားစာ ရွတ်ဆိုခဲ့တယ်လို့ ယုံကြည်ကြတဲ့ အာရာဖတ်တောင်ပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေ စုဝေးကြတာပါပဲ။ ဝတ်ပြုသူ တစ်သန်းကျော်က တောင်ပေါ်မှာထိုင်လိုက်လို့ တောင်တစ်ခုလုံး ဖွေးဖွေးလှုပ်သွားပြီး ဝတ်ပြုသူတွေကို အပူဒဏ် ကာကွယ်ပေးဖို့ လုပ်ထားတဲ့ ထီးအရောင်အတွေနဲ့ ရောစပ်သွားတတ်ပါတယ်။ ဒါဟာ ဝတ်ပြုမှုရဲ့ အထွတ်အထိပ်ပါပဲ။ အစ္စလာမ်ဘာသာဝင်တွေဟာ ကုရ်အာန်ကျမ်းစာထဲက ဂါထာ၊ မန ၱန်တွေကို တစ်နေ့လုံး ရွတ်ဖတ်ရပါတယ်။ အဲဒီလို ဝတ်ပြုချိန်မှာ ဆော်ဒီနိုင်င့ရဲ့ ထိပ်တန်းဘာသာရေးခေါင်းဆောင်တစ်ယောက်က ဦးဆောင်လေ့ရှိပြီး ဝတ်ပြုသူတွေ မျက်ရည်ကျတတ်ပါတယ်။

ကျား၊ မ မခွဲခြားတဲ့ ဟာဂ်ျ

မက္ကာမြို့ဟာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အတူတကွဝတ်ပြုပြီး ဟာဂ်ျ လုပ်နိုင်တဲ့ တစ်ခုတည်းသော အစ္စလာမ်ဘာသာရေး အထွတ်အမြတ်နေရာ ဖြစ်ပါတယ်။ ဗလီအများစုမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ဝတ်ပြုဖို့ နေရာသီးသန့်ခွဲထားပြီး အခန်းတစ်ခုပဲ ရှိရင်တော့ အမျိုးသမီးတွေက အမျိုးသားတွေနောက်က ဝတ်ပြုရတတ်ပါတယ်။ မက္ကာမြို့က အာဏာပိုင်တွေကတော့ ဟက်ဂ်ျဝတ်ပြုခရီးစဉ်မှာ အိပ်ရာနေရာ စီစဉ်တဲ့ တစ်နေရာပဲ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ခွဲထားပါတယ်။

ဟာဂ်ျ ဝတ်ပြုမှုခရီးစဉ်ကို လေ့လာဆန်းစစ်တဲ့ Brookings Institute ရဲ့ သုတေသနအရဆိုရင်တော့ ဟာဂ်ျဝတ်ပြုခရီးစဉ် သွားရောက်ပြီးသူတွေဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်အပေါ် အပြုသဘော ပိုဆန်လာကြသလို သူတို့ရဲ့ဘဝနေထိုင်မှုအပေါ် ပိုစိုးရိမ်လာတတ်တယ်လို့ ဆိုပါတယ်။ သူတို့က မိန်းကလေးတွေကို ပညာသင်ကြားဖို့ ပိုလိုလားလာပြီး လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ပါဝင်လာတာကိုလည်း အားပေးအားမြှောက်လုပ်ကြပါတယ်။

ဒါပေမဲ့ ညပိုင်း ဝတ်ပြုမှုမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုနှစ်အစောပိုင်းမှာ အမျိုးသမီး ၅ ယောက်က ဟာဂ်ျဝတ်ပြုမှု ခရီးစဉ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ သူတို့ အတွေ့အကြုံတွေကို CNN သတင်းဌာနထံ ပြောခဲ့ပါတယ်။ နာမည်မဖော်လိုတဲ့ ဗြိတိန်အမျိုးသမီးတစ်ယောက်ကတော့ ဟက်ဂ်ျ ဝတ်ပြုတဲ့ ခရီးစဉ်မှာ ဂရန်းဗလီကို သွားနေတုန်း သူ့ရင်သားကို ခပ်ကြမ်းကြမ်း ဆွဲညှစ်ခံရတယ်လို့ ပြောပါတယ်။ ဟာဂ်ျဝတ်ပြုမှုခရီးစဉ် မလာခင် သူ့ဘဝမှာ တစ်ခါမှ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မခံရဘူးလို့ သူက ဆိုပါတယ်။

”လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရတာကို ဖွင့်ပြောဖို့ ခက်ခဲပါတယ်။ အစ္စလာမ်ဘာသာရေး မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ဟာဂ်ျနဲ့ ဆက်နွှယ်ပြီး ပြောဖို့ဆိုရင်တော့ ပိုလို့တောင် ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အထွတ်အမြတ်ထားတဲ့နေရာ ဖြစ်နေတာကိုး”လို့ သူက ပြောပါတယ်။ အခုလို သတင်းထွက်ပေါ်မှုတွေကြောင့် အာဏာပိုင်တွေက ဂရုတစိုက် ဆောင်ရွက်ခဲ့တယ်လို့ အမည်မဖော်လိုသူ ဆော်ဒီအရာရှိတစ်ယောက်က ပြောပေမယ့် အခုနှစ် ဝတ်ပြုမှုခရီးစဉ်မှာ နှောင့်ယှက်မှုတွေ မဖြစ်အောင် ဆော်ဒီနိုင်ငံက တိုးမြှင့်ဆောင်ရွက်ထားလားဆိုတာတော့ တိတိကျကျ မသိရပါဘူး။

ဟာဂ်ျ ဝတ်ပြုမှုခရီးစဉ်မှာ အမျိုးသမီးတွေအတွက် ဝတ်စားဆင်ယင်မှု စည်းမျဉ်းတွေကတော့ တင်းကျပ်ပါတယ်။ တကယ်လို့ ခေါင်းစည်းပဝါထဲက ဆံချည်မျှင် တစ်စလောက်ထွက်ရင်တောင် လူအုပ်ကြီးက ပြစ်တင်ဝေဖန်တတ်ကြပါတယ်။

နတ်ဆိုးကို ကျောက်ခဲနဲ့ပစ်ခြင်း

နတ်ဆိုးကို ကျောက်ခဲနဲ့ပစ်တဲ့ အချိန်ကာလအတွင်း ဝတ်ပြုသူတွေက နတ်ဆိုးရဲ့ ဖြားယောင်းမှုကို ငြင်းဆန်တဲ့ လက္ခဏာအဖြစ် ဂျာမာရက်(Jamarat)လို့ ခေါ်တဲ့ တိုင်ကြီး သုံးတိုင်ကို ကျောက်ခဲတွေနဲ့ ပစ်ကြပါတယ်။ အဲဒီဓလေ့ဟာ လေးရက်ကြာမြင့်တဲ့ အီးဒ်ဒွလ်အသွာဟာ(Eid al-Adha- အီးဒ်ကြီးဟု ခေါ်ဆိုကြ)အားလပ်ရက် စတင်တဲ့ အထိမ်းအမှတ်ပါပဲ။ Adha ဆိုတဲ့ အာရေဗျဘာသာစကားကတော့ စွန့်လွှတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒီပွဲတော်မှာ အစ္စလာမ်ဘာသာဝင်တွေက သိုးတွေ၊ နွားတွေကို သတ်ပြီး မရှိဆင်းရဲသားတွေကို ဝေမျှပေးကြပါတယ်။

ဒါကတော့ ဝတ်ပြုမှုခရီးစဉ်မှာ အန ၱရာယ် အများဆုံးအပိုင်းပါပဲ။ လူတွေက တိုင်တွေနဲ့ ကအ်ဘာကြားမှာ လူးလားခေါက်တုံ့သွားကြတဲ့အတွက် စီစဉ်ကျင်းပသူတွေအတွက် လူအုပ်ကြီး မပြိုလဲအောင် ထိန်းနိုင်ဖို့ စိန်ခေါ်မှု အကြီးအကျယ် ရင်ဆိုင်ရတဲ့ အခိုက်အတန့်ပါပဲ။ လူအုပ်ကြီးရဲ့ အနောက်ဘက်ကနေ ပစ်လိုက်တဲ့ ကျောက်တုံးတွေ ထိမှန်ကြလို့ သေဆုံးတာ၊ ဒဏ်ရာရတာတွေလည်း ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အခုလို နတ်ဆိုးကို ကျောက်တုံးနဲ့ပစ်ပေါက်တဲ့ ဓလေ့ထုံးစံ လုပ်နေကြရင်းနဲ့ လူအုပ်ပိလို့ လူ ၇၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၉၀၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆော်ဒီနိုင်ငံ အာဏာပိုင်တွေက ဒေါ်လာသန်းချီ အကုန်အကျခံပြီး ကြမ်းပြင်ကို တပြေးညီ ပြောင်ချောကြီး မထားဘဲ အထပ်တွေ လုပ်တာ၊ တိုင်တွေကို ပြင်ဆင်မွမ်းမံတာတွေ လုပ်ခဲ့ကြပါတယ်။

ဟာဂ်ျဝတ်ပြုသူတစ်ယောက် ဖြစ်လာပြီ

၅ ရက်အကြာမှာတော့ ဟာဂ်ျဝတ်ပြုသူတွေ လက်ဝဲရစ်တစ်ပတ်လှည့်တာ ပြည့်သွားပြီး နောက်ဆုံးအကြိမ် ဝတ်ပြုဖို့ ဂရန်းဗလီကို ပြန်ဝင်ကြပါတယ်။ ဝတ်ပြုသူတွေနဲ့ ဆော်ဒီနိုင်ငံက ပြည်သူ့ဝန်ထမ်းတွေဟာ ဟာဂ်ျ ပြီးဆုံးသွားချိန်မှာတော့ သူတို့မိသားစုတွေနဲ့အတူ ပြန်နေကြပြီး အိးဒ်နေ့ အားလပ်ရက်ကို ဖြတ်သန်းကြပါတယ်။ ဟာဂ်ျဝတ်ပြုမှု ခရီးစဉ်ကနေ ပြန်လာသူတွေကို မိသားစုတွေက တခမ်းတနား ခရီးဦးကြို ပြုကြသလို အိမ်နီးနားချင်းတွေကလည်း ဂုဏ်ပြုကြိုဆိုကြပါတယ်။ အခုချိန်မှာတော့ ဟာဂ်ျဝတ်ပြုမှုခရီးစဉ်က လူမှုရေး အဆင့်အတန်းတစ်ရပ် ဖြစ်နေပါပြီ။ ဟာဂ်ျဝတ်ပြုမှု ခရီးစဉ်ပြီးဆုံးသူတွေကို နာမည်ရှေ့မှာ အယ်လ်ဟာဂ်ျ ဒါမှမဟုတ် ဟာဂျီဆိုတဲ့ ဝေါ်ဟာရတပ်ခေါ်လေ့ရှိပါတယ်။

Ref:CNN ”A journey through Hajj, Islam’s special pilgrimage”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top