သင့်ရဲ့ကလေး ဘဝတစ်လျှောက်လုံးမှာ စိတ်ဒဏ်ရာရမသွားစေဖို့

mom-and-dad-argument_0.jpg

ကလေးငယ်လေးတွေဆိုတာကလေ … ကျွန်မတို့ထင်ထားတာထက် ပိုလို့အများကြီး နုနယ်ကြပါတယ်။ ပိုပြီးအတွေးနယ်ချဲ့တတ်ကြတယ်။ ပိုလို့လည်း အတုမြင် အတတ်သင်လွယ်ကြပါတယ်။

လူတွေပဲ။ စိတ်ဆိုးတတ်၊ ဒေါသထွက်တတ်ကြတာပေါ့။ တစ်ခါတလေ ကလေးတွေရှေ့မှာ မရည်ရွယ်ဘဲ ပြောလိုက်မိတဲ့စကားတွေက သူတို့လေးတွေရဲ့စိတ်ကို လုံးဝညှိုးငယ်သွားစေတတ်ပါတယ်။ အဲဒီလိုအခါမျိုးကျ မေမေဆိုလိုတာကတော့ ဒီလိုမဟုတ်ပါဘူးသားရယ်၊ သမီးရယ်ဆိုပြီး စိတ်ပြန်ဖြေပေးဖို့ မတွန့်ဆုတ်ကြပါနဲ့။ ပင့်ထားရမယ်လို့ပြောတာ မဟုတ်ဘူးနော်။ မလိုအပ်တဲ့ အဆိုးမြင်ဝါဒတွေ ငယ်ငယ်လေးထဲက ကိန်းအောင်းသွားမယ်ဆို ကြီးလာတဲ့အခါ ပိုထိန်းရခက်သွားတတ်ပါတယ်။

 

ဒါကြောင့်မို့ သင်မမျှော်လင့်ထားတဲ့ ဘယ်လိုစကားလုံးမျိုးတွေက သားသား၊ မီးမီးလေးတွေရဲ့စိတ်ကို ဒဏ်ရာရသွားစေနိုင်တယ်ဆိုတာ ဒီဆောင်းပါးလေးကနေတစ်ဆင့် ဖော်ပြပေးသွားပါ့မယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆို သတိထားလို့ရသွားတာပေါ့။

၁။ မင်းကဆိုးလိုက်တာ

အိုကေ … ကလေးတစ်ယောက်က အမှားတစ်ခုကိုလုပ်နေပြီဆို အသိပေးဖို့လိုပါတယ်။ ဆိုပေမဲ့ မင်းကဆိုးလိုက်တာဆိုပြီး အပြစ်တင်တာနဲ့ လုပ်လိုက်တဲ့အမှားကို ထောက်ပြတာက မတူပါဘူး။ တော်တော်လေးခြားနားပါတယ်။

စိတ်ပညာရှင် အယ်လ်လီဇဘတ် ဂိုလ်းဘတ်ဒ် (Elisabeth Goldberg) က “သင့်အနေနဲ့ ကလေးကို ‘မင်းကဆိုးတယ်’ လို့ပြောလိုက်တဲ့အခါ ကလေးရဲ့စိတ်ထဲ ‘ဟုတ်တယ်။ ငါကဆိုးတယ်။ ဘယ်တော့မှတော်လာမှာ မဟုတ်ဘူး။ ပြောင်းလဲလို့လည်းရမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ကောင်းလာမှာမဟုတ်ဘူး” ဆိုတဲ့စိတ်မျိုးဝင်သွားတတ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ရဲ့စကားအတိုင်း သူ့ကိုယ်သူ ဆိုးတယ်လို့ ခံယူသွားလိုက်တာပါ။ ဒီစိတ်က အသက်ကြီးတဲ့အထိပါသွားတတ်ပါတယ်။ အဲဒီအစား သူ့ကိုအပြစ်မတင်ဘဲ သူ့ရဲ့မှားယွင်းနေတဲ့ အပြုအမူကိုပဲ လမ်းပြပေးပါ။ ပြုပြင်ပေးပါ” လို့ ဆိုခဲ့ပါတယ်။

၂။ ဘယ်တော့မှ ပြောင်းလဲမယ့်သူမဟုတ်ဘူး

စာရေးသူလည်း ငယ်ငယ်က အဲဒီလိုပြောခံရရင် အရမ်းစိတ်ဆိုးတာပဲ။ ဘာလဲ ပြောင်းလဲမယ့်သူမဟုတ်ဘူးဆိုတာကြီးက။ ရင့်လိုက်တာနော်။ ‘အမြဲတမ်း’ တို့၊ ‘ဘယ်တော့မှ’ တို့ဒီစကားတွေသုံးပြီးတော့ပြောတာက သင့်ကလေးရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးနေတာနဲ့ အတူတူပါပဲ။ သင့်အနေနဲ့ အရမ်းစိတ်ပျက်၊ စိတ်ကုန်နေမိတယ်ဆိုရင်တောင် ဒီစကားမျိုးတွေကို အသုံးမပြုမိပါစေနဲ့။

ဥပမာအနေနဲ့ ‘နင်ကတော့ ဒီအချိုးအတိုင်းသွားတော့မှာပဲ။ ဘယ်တော့မှ ပြောင်းလဲမယ့်ကောင်မဟုတ်ဘူး’ အဲဒီလိုမျိုးပြောတတ်ကြပါတယ်။ ကျွန်မတို့လူကြီးတွေတောင် အရွဲ့တိုက်တတ်ကြတာပဲလေ။ ဟုတ်လား။ ငါ့ကိုဒီလိုထင်တယ်ပေါ့။ မပြောင်းလဲဘဲ နေပစ်လိုက်ဦးမှဆိုတာမျိုးရှိတယ်လေ။ သူတို့လေးတွေက ပိုလို့နုနယ်ပါတယ်။ အမျိုးမျိုးတွေးပြီး ယူဆတတ်ကြလို့ တမင်သပ်သပ်ကြီး ကလေးတွေကို စိတ်အားငယ်အောင်မလုပ်ပါနဲ့။

၃။ မငိုနဲ့

ကလေးတစ်ယောက်က ငိုတော့မယ်ဆို ကျွန်မတို့လူကြီးတွေက ချက်ချင်းဆိုသလို ‘မငိုနဲ့။ တိတ်၊ တိတ်’ ဆိုပြီး ဟန့်တားတတ်ကြပါတယ်။ နှစ်သိမ့်ပေးတာက မှန်ပါတယ်။ ဖြေသိမ့်ပေးတာကလည်း လွယ်ပါတယ်။ ဒါပေမဲ့ မခံစားရဘူးဆိုပြီး ဟန့်တားပိတ်ပင်တာကတော့ မဟုတ်သေးပါဘူး။

ငိုချင်တဲ့အချိန် ငိုချလိုက်လို့ရတယ်ဆိုတာကို သူတို့လေးတွေသိပါစေ။ ငယ်ရွယ်စဉ်မှာကတည်းက ခံစားချက်တွေကို မပိတ်ပင်ပါနဲ့။ လွတ်လွတ်လပ်လပ် ပြသခွင့်ပေးလိုက်ပါ။

၄။ အမှားအယွင်းမခံနိုင်ဘူးနော်

ကျွန်မတို့အားလုံး ဒီစကားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဘယ်အရာကိုမှ အမှားအယွင်းမခံနိုင်တဲ့ မိဘတွေကြောင့် ဘယ်နှခေါက်များ အမှားတွေ၊ လွဲချော်မှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဖုံးကွယ်ခဲ့ပြီးပါပြီလဲ။ တစ်ယောက်တည်းထွေးပိုက်ထားလို့ ဘယ်လောက်ကြာကြာ နာကျင်ခဲ့ရပြီးပါပြီလဲ။ အဲဒီလို နာကျင်မှုတွေကို ကျွန်မတို့ရဲ့အနာဂတ်မျိုးဆက်သစ်လေးတွေထိ သယ်မသွားပါနဲ့တော့။

မှားယွင်းခွင့်ရှိပါတယ်။ အမှားကနေ သင်ခန်းစာယူတတ်ဖို့လည်း လိုပါတယ်။ မိဘတစ်ယောက်အနေနဲ့ လမ်းဖွင့်ပေးထားလိုက်ပါ။ ဆွေးနွေးခွင့်၊ တိုင်ပင်ခွင့်ပေးလိုက်ပါ။ အမှားနဲ့ကင်းတဲ့ လူဆိုတာမရှိပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ချစ်တတ်ဖို့လည်း လိုပါသေးတယ်။

၅။ ရူးကြောင်ကြောင်နဲ့

ကလေးပဲ။ ကလေးသဘာဝအတိုင်း လွတ်လွတ်လပ်လပ်နေမယ်။ ပေါက်ကရတွေလုပ်မယ်။ သူ့ခံစားချက်အတိုင်း ဖွင့်ဟပြမယ်။ ဒါတွေက သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ ဖြစ်နေတယ်ဆိုရင်တော့ သူတို့အဲလိုတွေလုပ်တဲ့အချိန် သူတို့နားမှာမနေပါနဲ့တော့။ သူတို့မှာဘာအပြစ်မှမရှိပါဘူး။

“အရူးလို လုပ်မနေနဲ့” “ရူးကြောင်ကြောင်နဲ့” ဒီစကားတွေက မိဘတစ်ယောက်အနေနဲ့ ပြောရမယ့်စကားတွေမဟုတ်ပါဘူး။ ကျွန်မအပေါ်မှာပြောခဲ့သလိုပဲ ကလေးလုပ်နေတာက မှားနေတယ်ဆို အမှားကိုထောက်ပြလို့ရပါတယ်။ အဲဒီလိုအစား ဆိုးဆိုးဝါးဝါးနာမည်တွေခေါ်ပြီး သူတို့ကို စိတ်ဒဏ်ရာမပေးပါနဲ့။ နောက်ပိုင်းယုံကြည်မှု လျော့နည်းပြီး တစ်သက်လုံး အမှတ်ရနေတတ်ပါတယ်။

Ref : newsrepublic “Surprising Things You Should Never Say Around a Child”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top