ချီကာဂို လေဆိပ်မှာ ဘယ်သူမှမသိအောင် ၃ လကြာနေထိုင်ခဲ့တဲ့ အမျိုးသား တဦး

19-1-2021-yyl-43.jpg

အမေရိကန်နိုင်ငံက အမျိုးသားတယောက်ဟာ ကိုဗစ်-၁၉ ရောဂါပိုးကို ကြောက်လို့ အိမ်မပြန်တော့ဘဲ ချီကာဂို လေဆိပ်မှာ တာဝန်ရှိသူတွေ မသိအောင် ၃ လကြာအောင် နေထိုင်ခဲ့ပါတယ်။
Aditya Udai Singh လို့ အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ် အိန္ဒိယနွယ်ဖွား အဆိုပါအမျိုးသားကို ပြီးခဲ့တဲ့ စနေနေ့ မနက်ပိုင်းက ( O’Hare ) အိုဟဲ အင်တာနေရှင်နယ်လေဆိပ်မှာ ချီကာဂိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ Singh ကို လေဆိပ်ရဲ့ကန့်သတ်နယ်မြေမှာ အယောင်ဆောင်နေထိုင်မှု ၊ ဒေါ်လာ ၅၀၀ ခိုးယူခဲ့မှု စတဲ့ စွဲချက်တွေနဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရရှေ့နေရဲ့ ပြောကြားချက်အရ Singh ဟာ ၂၀၂၀ အောက်တိုဘာလ ၁၉ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့ကနေ ထွက်ခွာလာခဲ့တဲ့ လေကြောင်းခရီးစဉ်နဲ့အတူ ( O’Hare ) အိုဟဲလေဆိပ်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနေ့ကနေ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ လေဆိပ်မှာ ဘယ်သူမှမသိအောင် နေထိုင်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို မခံရခင် အစောပိုင်းက လေဆိပ်လုံခြုံရေးဝန်ထမ်း ၂ ယောက်ရဲ့ စစ်ဆေးမှုကို ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် သူခိုးယူထားတဲ့ လေဆိပ်မန်နေဂျာတယောက်ရဲ့ အိုင်ဒီကတ်ကို ပြသခဲ့ရာမှာ လေဆိပ်ဝန်ထမ်းတွေဟာ သူ့ရဲ့သရုပ်မှန်ကို သိရှိခဲ့ခြင်းမရှိဘူးလို့ Singh က ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီလို ရုပ်ရှင်ဆန်ဆန် အဖြစ်အပျက်ကို ပြည်နယ်တရားသူကြီး ဖြစ်တဲ့ Susana Ortiz က “ အခု ငါ့ကို မင်းတို့ပြောနေတဲ့အကြောင်းက လေဆိပ်ဝန်ထမ်းမဟုတ်တဲ့သူ ၊ တရားဝင်ခွင့်ပြုချက်မရှိတဲ့ လူတယောက်က ( O’Hare ) အိုဟဲ လေဆိပ်နယ်မြေထဲမှာ ၂၀၂၀ အောက်တိုဘာလကနေ ၂၀၂၁ ဇန်နဝါရီလအထိ တရားမဝင်နေထိုင်ခဲ့တယ် ၊ ဒါ့အပြင် ၃ လလုံး သူဒီလိုနေနေတာ ဘယ်သူမှ မသိခဲ့ကြဘူးပေါ့ .? ” လို့ ကြားနာစစ်ဆေးမှုမှာ အံ့အားသင့်တဲ့ အမူအရာနဲ့ တာဝန်ရှိသူတွေကို မေးမြန်းခဲ့တယ်လို့ သတင်းစာတွေက ဖော်ပြပါတယ်။

တရားပြိုင်ဘက်ကနေ အမှုလိုက်ပေးနေတဲ့ ရှေ့နေ Courtney Smallwood ကတော့ Singh ဟာ လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ရာဇဝတ်မှုနောက်ကြောင်း မရှိဘူးလို့ တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။

Singh ကို တရားရုံးက ဒေါ်လာ ၁၀၀၀ နဲ့ အာမခံပေးခဲ့ပြီး အိုဟဲလေဆိပ်ကို ပြန်လာခွင့်မရှိဘူးလို့ ကန့်သတ်ခဲ့ပါတယ်။ သူ့ရဲ့အမှုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထပ်မံ စစ်ဆေးကြားနာသွားမယ်လို့ သိရပါတယ်။ အိုဟဲလေဆိပ်ဟာ ကမ္ဘာပေါ်မှာ လေယာဉ်အတက်အဆင်း အများဆုံး လေဆိပ်ဖြစ်ပြီး ကပ်ရောဂါမတိုင်ခင်က တစ်နှစ်ကို ဆိုက်ရောက်၊ ထွက်ခွာတဲ့ ခရီးသည် ၈၄.၆ သန်း ရှိခဲ့ပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top