ကမ္ဘာ့ပထမဆုံးအဖြစ် အမျိုးသားတစ်ဦးကို မျိုးဗီဇအဆင့်မြှင့်ထားတဲ့ ဝက်နှလုံးအသုံးပြု အစားထိုးခွဲစိတ်မှုပြုလုပ်

11-2-2022-yyl1-1.jpg

အမေရိကန်အမျိုးသားတစ်ယောက်ဟာ ကမ္ဘာ့ပထမဆုံးအဖြစ် မျိုးဗီဇအဆင့်မြှင့်တင်ထားတဲ့ ဝက်နှလုံးကို အစားထိုးခွဲစိတ်မှု ခံယူခဲ့ပါတယ်။ ၅၇ နှစ်အရွယ် ဒေးဗစ်ဘန်းနက်ရဲ့အသက်ကို ကယ်တင်ဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် သဘောထားပြီး ဝက်နှလုံးကို အစားထိုးခွဲစိတ်မှု လုပ်ခဲ့တာပါ။ ၇ နာရီကြာမြင့်တဲ့ စမ်းသပ်ခွဲစိတ်မှုအပြီး ၃ ရက်ကြာတဲ့အထိ ဒေးဗစ်ဘန်းနက်က ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမဲ့ ရေရှည်မှာ အသက်ရှင်သန်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

” အသေခံမလား၊ အစားထိုးခွဲစိတ်မှုလုပ်မလားဆိုတဲ့ အခြေအနေပါ။ ဒါက အမှောင်ထဲကို ခဲပစ်ရသလိုပဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် နောက်ဆုံးရွေးချယ်စရာပါပဲ” လို့ အစားထိုးခွဲစိတ်မှုမလုပ်ခင် တစ်ရက်အလိုမှာ ဒေးဗစ်ဘန်းနက်က ပြောပါတယ်။

မေရီလန်းတက္ကသိုလ် ကျန်းမာရေးစင်တာရဲ့ ဆရာဝန်တွေဟာ အစားထိုးခွဲစိတ်မှု မလုပ်ရင် ဒေးဗစ်ဘန်းနက် သေရတော့မယ်ဆိုတဲ့ အခြေအနေကို တင်ပြပြီး ဝက်နှလုံး အသုံးပြု အစားထိုးခွဲစိတ်မှုလုပ်ဖို့ အမေရိကန်နိုင်ငံ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ထံကနေ အထူးခွင့်ပြုချက်ရယူနိုင်ခဲ့တာပါ။

ကုသမရတော့တဲ့ နှလုံးရောဂါ ခံစားနေရသူ ဒေးဗစ်ဘန်းနက်ဟာ အသက်ထိန်းစက်နဲ့ ရှင်သန်နေရသူဖြစ်ပြီး ခွဲစိတ်မှုမလုပ်ခင် သီတင်းပတ် ၆ ပတ်ကြာ အိပ်ယာထဲမှာ လှဲနေရသူပါ။ ဒေးဗစ်ဘန်းနက်ကတော့ အခုအစားထိုး ခွဲစိတ်မှုကြောင့် သူ အသက်ဆက်ရှင်ခွင့်ရမယ်လို့ မျှော်လင့်ထားပြီး နေပြန်ကောင်းလာရင် အိပ်ယာထဲက ထနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ဒေးဗစ်ဘန်းနက်က အသက်ထိန်းစက် အကူအညီမပါဘဲ အသက်ရူနိုင်ခဲ့ပါတယ်။

ဒေးဗစ်ဘန်းနက်ရဲ့ခန္ဓာကိုယ်က ဝက်နှလုံးကို လက်ခံစေဖို့အတွက် ဝက်ရဲ့ မျိုးဗီဇတော်တော်များများကို ရှင်းလင်းဖယ်ရှားပြီး အဆင့်မြှင့်တင်ခဲ့တာပါ။ ဝက်နှလုံးအသုံးပြု အစားထိုးခွဲစိတ်မှု လုပ်နိုင်ခဲ့တာဟာ နှစ်ပေါင်းများစွာကြာ သုတေသနပြုလုပ်မှုတွေကနေ ထွက်ပေါ်လာခဲ့တဲ့ အသီးအပွင့်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက လူပေါင်းများစွာရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

အခု အစားထိုးခွဲစိတ်မှုဟာ ခန္ဓာကိုယ် အစိတ်အပိုင်း ရှားပါးပြတ်လပ်မှု အကျပ်အတည်းကို ဖြေရှင်းဖို့ တစ်ဆင့်နီးစပ်လာခဲ့တာဖြစ်တယ်လို့ ခွဲစိတ်ဆရာဝန် ဘာတလေဂရစ်ဖစ်က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ နေ့စဉ်နေ့တိုင်း လူ ၁၇ ယောက်ဟာ အစားထိုး ခွဲစိတ်မှုလုပ်ဖို့ စောင့်ဆိုင်းရင်း အသက်ဆုံးရှုံးနေရပြီး အစားထိုးခွဲစိတ်မှုလုပ်ဖို့ စောင့်ဆိုင်းနေရသူ ၁၀၀,၀၀၀ ကျော် ရှိနေပါတယ်။

လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လူသားတွေမှာ အစားထိုးခွဲစိတ်ပေးဖို့ ဖြစ်နိုင်သလားဆိုတာ ယခင်ကတည်းက စဉ်းစားခဲ့ဖူးသလို ဝက်နှလုံးအဆို့ရှင်တွေ အသုံးပြု အစားထိုးခွဲစိတ်မှုတွေလည်း လုပ်ခဲ့ဖူးပါတယ်။ ဝက်ရဲ့ ကျောက်ကပ်ကို လူသားတစ်ဦးအတွက် အစားထိုးခွဲစိတ်မှု အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်လို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ နယူးယော့ခ်မြို့ရဲ့ ခွဲစိတ်ဆရာဝန်တွေက ကြေညာခဲ့ဖူးပါတယ်။ ထိုစဉ်ကတော့ အဲဒီခွဲစိတ်မှုဟာ အစားထိုးခွဲစိတ်မှုပညာရပ်မှာ အဆင့်အမြင့်ဆုံးစမ်းသပ်မှု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီခွဲစိတ်မှုမှာ ပြန်လည်သက်သာဖို့ မျှော်လင့်ချက်မရှိတဲ့ အခြေအနေမျိုးနဲ့ လူသားဦးနှောက်သေမှု ကြုံခဲ့ရပါတယ်။

Ref: BBC “Man gets genetically-modified pig heart in world-first transplant”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top