သွေးရည်ကြည်အသုံးပြုကုသမှုကို အမေရိကန် FDA အရေးပေါ်ခွင့်ပြုမိန့် ချမှတ်ပေး

24-8-2020-yyl-014.jpg

ကိုရိုနာဗိုင်းရပ်စ် လူနာတွေရဲ့ သွေးရည်ကြည်ကို အသုံးပြုပြီးကုသမှုလုပ်ဖို့ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က အရေးပေါ်ခွင့်ပြုမိန့် ချမှတ်ပေးလိုက်ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပေမဲ့ ပြန်သက်သာလာသူတွေရဲ့ သွေးရည်ကြည်ထဲမှာ ဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ပေးတဲ့ ပဋိပစ္စည်း ပေါကြွယ်ဝလို့ အဲဒီသွေးရည်ကြည်ကို အသုံးပြုပြီး ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ သွေးရည်ကြည် အသုံးပြုကုသမှုဟာ သေဆုံးမှုပမာဏကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ သွေးရည်ကြည်ကုသနည်းအပေါ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာသုံးသပ်ဖို့ လိုသေးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြထားပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး ကူးစက်ခံရသူ ၅.၇ သန်းနီးပါး၊ သေဆုံးသူ ၁၇၆,၀၀၀ ကျော် ရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ သွေးရည်ကြည်ကုထုံးနဲ့ ကုသမှုခံယူခဲ့သူ ၂၀၀၀၀ ရဲ့ ရလဒ်တွေကို သုံးသပ်ပြီးနောက်မှာ အခုလို ခွင့်ပြုပေးခဲ့တာလို့ FDA က ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း သွေးရည်ကြည် အသုံးပြုကုသပေးခဲ့တဲ့ အတည်ပြုလူနာ ၈ ယောက်လုံး ရောဂါပျောက်ကင်းခဲ့ပါတယ်။ သွေးရည်ကြည်အသုံးပြု ကုသပေးနိုင်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါကင်းစင်သွားတဲ့ လူနာတွေ လှူဒါန်းထားတဲ့ သွေးရည်ကြည်တွေကို ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံမှာ သွေးလှူဘဏ်ခွဲဖွင့်ပြီး စုဆောင်းထားရှိတယ်လို့ ဆိုပါတယ်။

Ref: BBC ” US allows emergency use of blood plasma treatment for coronavirus patients”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top