ကာကွယ်ဆေးတစ်မျိုးက ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်မဲ့သွားစေမယ့် ပဋိပစ္စည်းတွေ ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိ

19-5-2020-yyl-005.jpg

ကာကွယ်ဆေးတစ်မျိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ခိုက်နိုင်စေဖို့ လူတွေရဲ့ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးနိုင်တယ်လို့ အမေရိကန်ကုမ္ပဏီတစ်ခုက ဖော်ပြပါတယ်။ ဘေးအန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်မှာ ပထမဆုံး ပါဝင်ခဲ့သူ ၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်မဲ့သွားအောင် လုပ်ပေးနိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာတာ တွေ့ရတယ်လို့ မိုဒါနာ(Moderna)ကုမ္ပဏီက ပြောပါတယ်။ အဲဒီသူတွေရဲ့ ကိုယ်ခံအားတုံ့ပြန်မှုဟာ COVID-19 ရောဂါ အမှန်တကယ်ကူးစက်ခံရသူတွေရဲ့ ကိုယ်ခံအားတုံ့ပြန်မှုအတိုင်းပဲလို့ ဆိုပါတယ်။

အဲဒီကာကွယ်ဆေးက ရောဂါကူးစက်မှုကို အမှန်တကယ် ကာကွယ်ပေးနိုင်မလားဆိုတာ သိရဖို့ ပိုကြီးမားတဲ့ စမ်းသပ်ထိုးနှံမှုတွေကို လာမယ့်ဇူလိုင်လမှာ လုပ်ဖို့ရှိနေပါတယ်။ ကမ္ဘာတစ်လွှားက အဖွဲ့ ၈၀ လောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့အတွက် မကြုံစဖူး အမြန်နှုန်းနဲ့ တက်သုတ်ရိုက် ကြိုးပမ်းနေကြပါတယ်။ မိုဒါနာကတော့ mRNA-1273 လို့ခေါ်တဲ့ စမ်းသပ်ကာကွယ်ဆေးကို လူတွေမှာ ပထမဆုံး စမ်းသပ်ထိုးနှံပေးတဲ့ ဆေးဝါးကုမ္ပဏီပါ။ အဲဒီကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကုဒ် အပိုင်းအစတစ်ခုဖြစ်ပေမဲ့ ရောဂါကူးစက်နိုင်စွမ်း၊ ရောဂါလက္ခဏာ ခံစားရနိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့ ကိုယ်ခံအားစနစ်ကို တုံ့ပြန်လှုပ်ရှားလာအောင် လှုပ်နှိုးနိုင်စွမ်းရှိပါတယ်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုမှာ ပါဝင်ခဲ့သူတွေကို ဆေးပမာဏ အမျိုးမျိုး ထိုးနှံပေးခဲ့ပြီး ဆေးပမာဏများလေလေ ဘေးထွက်ဆိုးကျိုး များများခံရလေဆိုတာ တွေ့ရှိခဲ့ပါတယ်။ ကာကွယ်ဆေးပမာဏ အနည်းဆုံးထိုးနှံပေးသူတွေမှာတောင် COVID-19 ရောဂါကနေ သက်သာပျောက်ကင်းလာသူတွေမှာ တွေ့ရတဲ့ ပဋိပစ္စည်းပမာဏလောက် တွေ့ရတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top