လေ့လာရေးခရီးသည်တွေကို တိုင်တန်းနစ်သင်္ဘောပျက်ဆီ ပို့ဆောင်ပေးနေတဲ့ ရေငုပ်သင်္ဘော ပျောက်ဆုံးနေ

20.6.2023-yyl-1.jpg

လေ့လာရေးခရီးသည်တွေကို တိုင်တန်းနစ်သင်္ဘောပျက်ဆီ ပို့ဆောင်ပေးနေတဲ့ ရေငုပ်သင်္ဘော ပျောက်ဆုံးသွားလို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ရေငုပ်သင်္ဘောငယ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာ ရေအောက်ထဲကို ဝင်ရောက်သွားပြီးနောက် ၁ နာရီ၊ ၄၅ မိနစ်အကြာမှာ အဆက်အသွယ် ပြတ်သွားခဲ့တာပါ။ ရေငုပ်သင်္ဘောပေါ်မှာ ပိုင်းလော့၊ လေ့လာရေးခရီးသည် ၃ ဦးနဲ့ ခရီးစဉ်အကြောင်း ရှင်းပြမယ့်သူတစ်ဦး စုစုပေါင်း ၅ ဦး လိုက်ပါသွားခဲ့တာပါ။

အတ္တလန္တိတ်သမုဒ္ဒရာရဲ့ ရေအောက်အနက် ၁၂၅၀၀ ပေမှာ နစ်မြုပ်နေတဲ့ တိုင်တန်းနစ်သင်္ဘောပျက်ဆီ သွားကြည့်ချင်တဲ့ ခရီးသည်တွေဟာ ၈ ရက်ကြာ ခရီးစဉ်အတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ပေးရပါတယ်။

ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောငယ်ဟာ OceanGate ကုမ္ပဏီပိုင် Titan ရေငုပ်သင်္ဘောဖြစ်ပြီး ထရပ်ကားတစ်စီးစာ အရွယ်အစားပါ။ ပုံမှန်အားဖြင့်တော့ အရေးပေါ် အခြေအနေမှာ အသုံးပြုဖို့ အောက်ဆီဂျင် ၄ ရက်စာ ပါဝင်လေ့ရှိပါတယ်။ ဗြိတိန်ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် ဟာမစ်ရှ်ဟာဒင်းလည်း ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားခဲ့တယ်လို့ သူ့မိသားစုက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘော်စတွန်မြို့မှာ အခြေစိုက် ဆောင်ရွက်လျက်ရှိပြီး အစိုးရအေဂျင်စီတွေ၊ အမေရိကန်နဲ့ ကနေဒါရေတပ်တွေ၊ ပင်လယ်နက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေပါ ပါဝင်ကူညီလျက်ရှိပါတယ်။ လေယာဉ်နှစ်စင်း၊ ရေငုပ်သင်္ဘောတစ်စင်း၊ ရေအောက်အသံလိုင်းဖမ်းဗော်ယာတွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ရှာဖွေမှုလုပ်ရတဲ့ နေရာက ဝေးလံလွန်းတဲ့အတွက် လုပ်ငန်းဆောင်ရွက်ဖို့ အခက်အခဲရှိတယ်လို့ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ရေတပ်ဗိုလ်မှူးချုပ် ဂျွန်မော်ဂါက ပြောပါတယ်။

Ref: Titanic tourist submersible goes missing with search under way

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top