နှစ် ၂၀ ကြာထိုးလာခဲ့တဲ့ အိပ်မက်ပေးဂဏန်းနဲ့ ထီဆုကြီးပေါက်သွားခဲ့တဲ့အမျိုးသမီး

25-1-2021-yyl-05.jpg

ဒန် ပရာဗာတိုဒန် (Deng Pravatoudom) ဆိုတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့နှစ် (၂၀) ကျော်က သူ့ခင်ပွန်း အိပ်မက်မက်ခဲ့တဲ့ ဂဏန်းစုံတွဲတွေကို ထီနံပါတ်အနေနဲ့ ဆယ်စုနှစ် (၂) စုကြာတဲ့အထိ ထီထိုးလာခဲ့တာပါ။ ဒီဇင်ဘာလက သူ့ခင်ပွန်းရဲ့အိပ်မက်ဂဏန်းက ပေါက်ဂဏန်းဖြစ်လာခဲ့ပြီး ဒေါ်လာ သန်း ၆၀ တန် Jackpot ဆုပေါက်သွားခဲ့တယ်လို့ Ontario Lottery and Gaming က ဒီကနေ့သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က ဒန်ဟာ ဘဏ်သွားနေတဲ့အချိန် သူ့ရဲ့ခင်ပွန်းဖြစ်သူက ထီလက်မှတ်တွေ တိုက်ပေးနေခဲ့တာပါ။ သူ ပြန်လာတော့ သူ့ခင်ပွန်းက ဒေါ်လာ သန်း ၆၀ ထီပေါက်တယ်လို့ ပြောခဲ့ပါတယ်။ ဒန်က ပျော်လွန်းလို့ ငိုတောင်ငိုခဲ့ရပါတယ်။ အစကတော့ ထီပေါက်တာကို မယုံနိုင်ဖြစ်ခဲ့ပါသေးတယ်။ ထီဆုကြေးနဲ့ အိမ်တစ်လုံးဝယ်မှာဖြစ်ပြီး ကိုဗစ်ကင်းစင်သွားတဲ့အခါ ကမ္ဘာပတ်မယ်လို့ ဒန်က ဆိုပါတယ်။

ဒန်ဟာ သူ့ရဲ့မွေးချင်းမောင်နှမ (၁၄) ဦးနဲ့အတူ ၁၉၈၀ခုနှစ်က လာအိုကနေ ကနေဒါကို ရွှေ့ပြောင်းလာခဲ့တာပါ။ အဲဒီအချိန်တုန်းက သူတို့မောင်နှမတစ်တွေ ဘာမှမရှိတဲ့အတွက် ဘုရားကျောင်းတစ်ခုက သူတို့မိသားစုကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ သူနဲ့သူ့ခင်ပွန်းတို့ကလည်း မိသားစု ထောက်ပံ့ပေးနိုင်ဖို့အတွက် ဆယ်စုနှစ်များစွာ ကြိုးစားခဲ့ရပါတယ်။ အခုလိုကပ်ရောဂါကာလအတွင်းမှာလည်း ဒန်ဟာ အလုပ်ပြုတ်သွားတဲ့အတွက် ဒီထီဆုကြေးက သူတို့မိသားစုရဲ့ဘဝကို အဆင်ပြေသွားဖို့ သေချာပေါက်ကူညီမှာဖြစ်တယ်လို့ ဒန်က ပြောပါတယ်။

ဒန်နဲ့သူ့ခင်ပွန်းတို့က ပေးစရာရှိတဲ့ငွေတွေဆပ်ပြီး သူတို့ရဲ့သားသမီးတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ သူတို့ရဲ့သားသမီးတွေကလည်း သူတို့ရဲ့မိဘတွေဟာ မိသားစုအတွက် နှစ် ၄၀ ကြာ အလုပ်အရမ်းကြိုးစားခဲ့ပြီး နစ်နာခံခဲ့ရတာတွေများခဲ့တာကြောင့် ဒီပျော်ရွှင်မှုက သူတို့နဲ့ထိုက်တန်တယ်လို့ ပြောပါတယ်။

Ref: CNN “A woman who won a $60 million lottery said she got the winning numbers from her husband’s dream”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top