ကျွမ်းကျင်သူများ ပြောပြသော အိမ်ထောင်ကွဲခြင်း အကြောင်းရင်း (၈) ခု

young-couple-having-marriage-counselling-5CLF6KY.jpg

သင်၏ နေ့စဉ် အပြုအမူတို့က သင့်အိမ်ထောင်ရေးကို ဖျက်ဆီးနိုင်ပါသည်။ သုတေသနအဆိုအရ နှစ်ဦးသား ဆက်ဆံရေးတွင် ကြီးမားသော ပြဿနာများကို ဖြစ်စေသည်မှာ သေးငယ်သော အမှုကိစ္စများက စသည်ဟု ဆိုပါသည်။

သတင်းကောင်းတစ်ခုကတော့ သင့်တွင် ထို အကျင့်ဆိုးများ ရှိရုံဖြင့် အိမ်ထောင်ကွဲမည်ဟု မဆိုလိုပါ။ လေ့လာချက်တစ်ခုအရ စုံတွဲများ ပြုလုပ်ကြိုးစားကြည့်နိုင်သော အရာများစွာ ရှိပါသည်။ ထိုသို့ဆိုလျှင် အောက်ပါ အချက်လေးများကို လေ့လာဆင်ခြင်ကြည့်ပါ။ ကျွမ်းကျင်သူများ ပြောပြသော အကျင့်ဆိုးများ …

တစ်ဦး၏ မကောင်းသတင်းကို တစ်ဦးက ကွယ်ရာတွင် ပြောခြင်း

သင့်၏ အိမ်ထောင်ဖက်အကြောင်း ကွယ်ရာတွင် စကား အတင်းဆိုခြင်းသည် မကြာခဏ တွေ့ရတတ်သည်။ အထူးသဖြင့် အမျိုးသမီးများသည် ထိုကဲ့သို့ သဘောရှိသော အမျိုးသမီးချင်း ဆုံမိသောအခါတွင် ပို၍ပြောမိတတ်ကြသည်။ သင်နှင့် ရင်းနှီးသူများက သူတို့၏ ခင်ပွန်းသည်များ မကောင်းကြောင်းကို ပြောမိကြသည့်အခါ သင်ပါ အလိုလို ထိုစကားဝိုင်းထဲ ရောက်သွားလိမ့်မည်။

သို့သော်ထိုကိစ္စသည် အသေးအဖွဲတော့ မဟုတ်ပါ။ သင့်ခင်ပွန်းသည်က ထိုအကြောင်းကို သိရှိသွားလျှင် သူ့အပေါ်ထားသော သင်၏လေးစားမှုကို သိရှိသွားပြီး ဆက်ဆံရေး အဖုအထစ် ဖြစ်လာနိုင်သည်။ ထိုမှတစ်ဆင့် ဝေဖန် ပြစ်တင် မဆုံးဖြစ်လာပြီး သင် မသိလိုက်ခင်မှာပင် သင်တို့ ဆက်ဆံရေးသည် လျှင်မြန်စွာ ပျက်စီး အေးစက်သွားပေလိမ့်မည်။

ခင်ပွန်းသည်မဖြစ်ချင်သည်များကို ပုံသွင်းရန်ကြိုးစားခြင်း

သင့်အနေဖြင့် သင်၏ အမျိူးသားကို အခြားသူတို့၏ ခင်ပွန်းသည်တို့ကဲ့သို့ တည်တံ့ ခန့်ညားစွာနေရန် စေခိုင်းခြင်း (သို့မဟုတ်) အခြားသူများနှင့် သူ့ကို နှိုင်းယှဉ်ခြင်းက အတော်ဆိုးသော အမူအကျင့်ဖြစ်သည်။ ထိုကဲ့သို့သောစိတ် သင့်တွင်ရှိပါက ဆက်ဆံရေးသည် အချိန်တစ်ခုရောက်လျှင် အဆုံးသတ်သွားလိမ့်မည်။

သင်ဆန္ဒရှိ၍ ဖြစ်ချင်သည့်အတိုင်း အလုံးစုံ မဖြစ်နိုင်သည်ကို သင့်အနေဖြင့် သတိရသင့်သည်။ သင့်သူငယ်ချင်းများက သင့်ခင်ပွန်းကို အားကျ၊ မနာလိုခြင်းမျိုးပင် ရှိနေနိုင်ပါသည်။ သို့ဖြစ်၍ သင်သဘောမကျ စိတ်မတွေ့၍ ဗိုက်ခေါက်ဆွဲလိမ်ချင်သော အမူအကျင့်မျိုးပင် ပြုမူပါစေ၊ ပြဿနာ မရှာပါနဲ။ နူးညံ့ ညင်သာသောနည်းကိုသာ သုံး၍ အကောင်းဘက်ရောက်အောင် အားထုတ်ပါ။

မိမိအိမ်ထောင်ဖက်၏နေရာမှ နေ၍ တစ်ခါမှမစဉ်းစားခြင်း

အမျိုးသားများအနေဖြင့် အခြားသူများ၏ သဘောထားကို နားလည်ခြင်း သိပ်မရှိဟု ဆိုပါက သင်လက်ခံနိုင်ချင်မှ လက်ခံလိမ့်မည်။ ကျွမ်းကျင်သူများကမူ အမျိုးသမီးများက ကိုယ်ချင်းစာတရား ပိုရှိကြပြီး အမျိုးသားများက ထိုစွမ်းရည်တိုးတက်လာအောင် လေ့ကျင့်ဖို့ လိုအပ်သည်ဟု ဆိုပါသည်။ ထိုသို့ဆိုခြင်းဖြင့် အမျိုးသမီးများကပဲ အမြဲ နားလည်ပေးနေရမည်ဟု မဆိုလိုပါ။ အမျိုးသားများကလည်း သူတစ်ပါး ခံစားချက်ကို နားလည်လိုကြပါတယ်။ ပြဿနာတစ်ခုကို နှစ်ယောက်နှစ်လုံး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကိုယ်ချင်းစာနားလည်ပြီး ဖြေရှင်းဖို့ ကြိုးစားပါ။

ရန်လိုရန်ထောင်ခြင်း

အမျိူးသမီးများသည် ကိစ္စတစ်ခု ဖြေရှင်းရာတွင် အမျိုးသားများထက် ပို၍ ရန်လိုတတ်သည်။ အဘယ်ကြာင့်မူ အမျိုးသားများသည် စိတ်ပြေငြိမ်းလွယ်ပြီး အခြေအနေ တစ်ခုကို ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိကြသော်လည်း အမျိုးသမီးများကမူ မပြီးနိုင် မစီးနိုင် ခံစားတတ်ကြသည်။ ထို့ကြောင့် ပဋိပက္ခဖြစ်တိုင်း ဆူပူ အော်ဟစ်ခြင်းကို လျှော့ပါ။ သူက သင့်ဘက်တွင် ဘာကြောင့်မရှိရခြင်းကိုသာ အဖြရှာပါ။

ရန်ဖြစ်ခြင်းကို ရပ်တန့်သင့်မှန်း မသိခြင်း

အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပါက အဆုံးသတ်ရန် ခက်ခဲတတ်သည်။ တစ်ဦးဦးက ဖြေလျှော့ပေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းရလွယ်ကူစေပြီး စကားပြောရလည်း လွယ်ကူစေသည်။ တစ်ခါတစ်ရံ ရှေ့ဆက်ပြောဆိုဖို့ ပင်ခက်ခဲတာမျိုး ကြုံရနိုင်သည်။ ထိုအချိန်မျိုးတွင် အငြင်းပွားမှုကို ခဏရပ်ခြင်း နောက်မှ ဆွေးနွေးခြင်းမျိုးပြုရန် မစဉ်းစားမိကြပေ။ ထိုသို့သာ တွေးမိပါက သင်တို့ကို အိမ်ထောင်ကွဲမှု မဖြစ်စေဘဲ ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင်မှုကိုသာ ရစေမည်ဖြစ်သည်။

ဟန်ဆောင်ခြင်း

သင့်အနေဖြင့် တည်ငြိမ်စိတ်ပြေ ဟန်ဆောင်နေသော်လည်း သင့်ခန္ဓာကိုယ်က ထိုသို့မဟုတ်မှန်း ပြနေသည်။ ထိုသို့ မကြာခဏ ဟန်ဆောင်ပြီး သင့် အိမ်ထောင်ဖက်ကို သင်ခံစားနေရသည်များကို ဖွင့်ဟမပြောဘဲ ဖုံးကွယ်ထားပါက ကြာလျှင် ခင်ပွန်းသည်က သင့်ကို နားလည်ဖေးမမှုနှင့် သင့်ပြဿနာများကို ဖြေရှင်းပေးလိုစိတ်များ နည်းပါးသွားပါလိမ့်မည်။

ပွင့်လင်းစွာ ဖွင့်မပြောခြင်း

သင့်အား အနှောင့်အယှက်ဖြစ်စေသော အရာများကို ဖွင့်ထုတ်မပြောဘဲ အဆင်ပြေ ဟန်ဆောင်နေခြင်းက သင်တို့နှစ်ယောက် ဆက်ဆံရေးကို ကောင်းမွန်အောင် ကြိုးစားနေရာ မရောက်ပါ။ ဒီလိုဆိုလျှင် သူနဲ့ ရန်ဖြစ်ခိုင်းခြင်း မဟုတ်ပါ။ တစ်ခါတစ်ရံ နှစ်ဦးသား သဘောထား မတိုက်ဆိုင်မှုများကို ဖွင့်ထုတ် ဖြေရှင်းခြင်းက တအုံ့နွေးနွေးနေခြင်းထက် ကောင်းမွန်သည်ဟု ဆိုလိုပါသည်။

ပြဿနာများကို ဖြေရှင်းရန် ဝန်လေးခြင်း၊ အချိန်ဆွဲခြင်း

သင့်အနေဖြင့် ပြောရခက်သော မပြောမဖြစ် စကားမျိုးကို ဆိုရန် ဝန်လေးတာမျိုး ရှိလိမ့်မည်။ သို့သော် သူ့အချိန်နှင့်သူ ဖြေရှင်းမှ အကျဉ်းအကြပ်သို့ မရောက်ဘဲ ပြေလည်မည် ဖြစ်သည်။ မနှစ်မြို့သော အကြောင်းအရာများကို ချန်လှပ်ထားသောအခါ ကြာလေ ဖေရှင်းရခက်လေ ဖြစ်လာတတ်သည်။ ထိုသို့ဆိုလျှင် သင့်မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားပြီလား။ ထိုသို့ အဓိပ္ပါယ် မသက်ရောက်ပါ။ တစ်ခုသာ သတိရပါ။ သင် အချိန်ဆွဲထားတာကြာလေ သင်တို့ အိမ်ထောင်ရေး လမ်းကြောင်းမှန်ပေါ်  ပြန်ရောက်ဖို့ အချိန်ပိုကြာလေဆိုတာပါပဲ။ အောင်မြင်သော အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ဖို့ နှစ်ဦးစလုံး အားစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။

ရေးသားသူ Dr. Ye Pyae Hein

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top