ကလောမြို့သို့ အလည်တစ်ခေါက်

0-1-scaled-e1579512472372.jpg

အခုလိုချမ်းအေးတဲ့ ရာသီမျိုးလေးမှာ ခရီးသွားရတာကို သဘောကျတယ်ဆိုတဲ့ ခရီးသွားချစ်သူတွေအတွက် ဒီတစ်ခါ ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့နဲ့ ညောင်ရွှေမြို့တွေက လည်ပတ်စရာနေရာတွေကို ချယ်ရီက (၃) ရက်တည်းနဲ့ဘယ်လိုတွေ လည်ပတ်ခဲ့လည်းဆိုတာကို ပြန်လည်မျှဝေပေးချင်ပါတယ်။

ရန်ကုန်ကသွားမယ့်သူတွေအနေနဲ့ ရန်ကုန်- တောင်ကြီး ကားလက်မှတ်ကိုဖြတ်ရမှာပါ။ လက်မှတ်တစ်စောင်ကို (၁၁,၅၀၀) ကျပ် ကနေ (၁၆,၅၀၀) ကျပ် အထိရှိပါတယ်။ ကားတွေက ရန်ကုန်ကနေ ည ၇ နာရီလောက် ထွက်တတ်ပြီး ကလောကို မနက် ၅ နာရီကျော်လောက်ရောက်တတ်ပါတယ်။ ချယ်ရီက ကလောမြို့ကို မနက်စောစောရောက်ချင်တဲ့အတွက် ရန်ကုန်ကနေ ည (၇) နာရီခွဲ ကားနဲ့ ထွက်ပါတယ်။ ကလောကိုရောက်တော့ မနက် (၅) နာရီကျော်ရှိပါပြီ။

ပထမနေ့

ကလောမြို့လေးက ခရီးသွားမြို့လေးဖြစ်တဲ့အတွက် တည်းခိုစရာ ဟိုတယ်တွေ၊ မိုတယ်တွေက https://cutt.ly/irbGWW6 အများကြီးပါပဲ။ ဈေးနှုန်းတွေက ကျပ်ငွေ (၂၅,၀၀၀) ကနေ US Dollar ပေးရတဲ့ ဟိုတယ်တွေအထိရှိပါတယ်။ ရှမ်းအစားအစာကိုကြိုက်နှစ်သက်တဲ့ ချယ်ရီကတော့ ကလောမြို့မ ဈေးနားက မိုတယ်မှာပဲ တည်းခဲ့ပါတယ်။

ကလောမြို့မဈေး

မိုတယ်မှာ ခဏနားပြီး မနက် (၇) နာရီခွဲကျော်မှာ ဟိုတယ်က မနက်စာကို မစားပဲ ကလောမြို့မဈေး ထဲမှာပဲ ဒေသထွက်ပစ္စည်းတွေဝယ်ရင်း မနက်စာကို စားခဲ့ပါတယ်။ ရှမ်းအစားအစာ မနက်စာကို ဈေးထဲက ဘယ်ဆိုင်မှာပဲ စားစား တစ်ပွဲကို (၅၀၀) ပဲပေးရပါတယ်။

ကလောမြို့မဈေးက ရန်ကုန်လိုမြို့ကြီးပြကြီးက ပုံမှန်ဈေးအပြင် (၅) ရက်မှတစ်ခါ အလှည့်ကျစနစ်နဲ့ ရောင်းချလေ့ရှိတဲ့ “ဈေးနေ့” (ဒေသအခေါ်) ဆိုတာမျိုးတွေရှိပါတယ်။ “ဈေးနေ့” မှာ ကလောမြို့အနီးအနား ကျေးရွာက ရွာသူူရွာသားတွေက သူတို့စိုက်ပျိုးထားတဲ့ ရာသီပေါ်သီးနှံတွေကို လာရောင်းချကြသလို အောင်ပန်း၊ ဟဲဟိုး စတဲ့ အခြားသောမြို့တွေက ဈေးသည်တွေလည်း လာရောက်ရောင်းချလေ့ရှိပါတယ်။ “ဈေးနေ့” မှာ လာရောက်ရောင်းချတဲ့ ဒေသထွက်ကုန်တွေက ပိုမိုလတ်ဆတ်သလို ဈေးနှုန်းကလည်း ပိုမိုသက်သာတာကြောင့် ပုံမှန်လည်ပတ်နေတဲ့ ဈေးထက် ပိုမိုစည်ကားပါတယ်။ “ဈေးနေ့” က rotation သဘောမျိုးဖြစ်တဲ့အတွက် ဘယ်နေ့က “ဈေးနေ့” ဘယ်နှစ်ရက်နေ့ကျလဲဆိုတာမျိုးကိုတော့ ပုံသေသတ်မှတ်ထားလို့မရပါဘူး။ အတွေ့အကြုံအသစ်တွေရဖို့အတွက် ကလောမြို့လေးကို လာလည်ရင်း “ဈေးနေ့” လေးနဲ့ တိုက်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မနက် (၉) နာရီမှာ မိုတယ်ကို ချယ်ရီတို့ကြိုစီစဉ်ထားတဲ့ ကားက လာကြိုပါတယ်။ ကလောမြို့အနှံ့တစ်နေကုန် လျှောက်လည်မယ်ဆိုရင် ကားခက ကားအကြီး၊ အသေးပေါ်မူတည်ပြီး ဈေးနှုန်းက (၈၀,၀၀၀) ကနေ (၁၃၀,၀၀၀) အထိရှိပါတယ်။ ချယ်ရီတို့က ကိုရဲ (09952280110) ကားအဌားဝန်ဆောင်မှုလုပ်ငန်းက ကားနဲ့ ကလောမြို့ကိုလျှောက်လည်ခဲ့တာပါ။

မြင်းမထိဂူ

ချယ်ရီတို့က အရင်ဦးဆုံး “ မြင်းမထိဂူ” ကိုသွားခဲ့ပါတယ်။ “မြင်းမထိဂူ” က ကလောမြို့နဲ့ (၄) မိုင်ကွာဝေးပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀,၀၀) ကျော်ကတည်းက တည်ရှိနေတဲ့ သဘာဝလှိုဏ်ဂူကြီးတစ်ခုပါ။ လှိုဏ်ဂူရဲ့ ရှေးဟောင်းအမည်က “မြင်းမထိဂူ” ဖြစ်ပြီး သီရိဓမ္မာသောကမင်းကြီးက ဥဏ္ဏလုံမွေရှင်တော်ဘုရားစေတီတည်ထားခဲ့တာကြောင့် “ဥဏ္ဏလုံမွေတော်” လိုဏ်ဂူဘုရားလို့လည်း ခေါ်ပါတယ်။

မြင်းမထိဂူက နှစ်ဖက်ပွင့် ဂူဖြစ်ပြီး လှိုဏ်ဂူအတွင်းလမ်းမှာ (၁,၀၈၂) ပေရှည်လျားပါတယ်။ ဂူအတွင်းဘက်မှာ ဉာဏ်တော် (၉) ပေ မြင့်တဲ့ အာသောကမင်းကြီးတည်ခဲ့တဲ့ “ဥဏ္ဏလုံမွေတော်” ဘုရားကို တည်ထားပြီး မြင်းမထိဂူရဲ့ မျက်နှာချင်းဆိုင်မှာ (၁,၀၇၅) ပေ အမြင့်ရှိတဲ့ “မြင်းမထိတောင်” ရှိပါတယ်။ အပြင်မှာအရမ်းအေးပေမယ့် “မြင်းမထိဂူ” ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ နွေးနွေးလေးနဲ့ နေလို့တော်တော်ကောင်းပါတယ်။

ဂူထဲမှာ ဖူးမြော်စရာ ဂူဘုရားတွေနဲ့ စေတီပုထိုးတော်တွေအများကြီးရှိပါတယ်။ ခရီးသွားတွေအနေနဲ့ ဂူအတွင်းက ဘုရားတွေကို အဆင်ပြေပြေ ဖူးမြော်နိုင်ဖို့အတွက် ဂူတစ်လျှောက်မီးရောင်တွေ ထိန်ထိန်လင်းအောင်ထွန်းပေးထားသလို၊ လျှောက်လမ်းတွေကိုလည်း ဘုရားဖူးတွေချော်မလဲအောင် သေသေချာချာလေးပြင်ဆင်ထားပါတယ်။

အနော်ရထာမင်းကြီး တည်ထားခဲ့တဲ့ စေတီနဲ့ နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်တွေ၊ အခြွှေအရံပေါများနိုင်တဲ့ ဆင်ခံဘုရားဆင်းတု၊ ကျန်းမာရေးကောင်းစေနိုင်တဲ့ ဆေးလုံးကိုင်ထားတဲ့ ဘုရားဆင်းတုတော်တွေအပြင် ဗောဓိပင်၊ ဇီးကွက်ရုပ်၊ နွားလားဥဿဖရုပ်၊ ကျောက်ဆင်မိသားစု၊ နတ်သမီးကျောက်ပျဉ် နဲ့ နတ်ရေတွင်း စတာတွေကို တွေ့ခဲ့ရပါတယ်။ခရီးသွားရင်းအလှဓါတ်ပုံရိုက်ရတာ သဘောကျတဲ့ သူတွေအနေနဲ့လည်း ဂူထဲမှာ သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ ကျောက်တုံးကျောက်ဆောင်တွေ၊ ကျောက်စက်ပန်းဆွဲတွေနဲ့ ဓါတ်ပုံရိုက်လို့ရပါသေးတယ်။

ဂူထွက်ပေါက်တည့်တည့်မှာ ပြုတ်ကျတော့မလို အသည်းယားစရာကျောက်တုံးကြီးတစ်ခုအပြင် စေတီပုထိုးတစ်ခုလည်းရှိပါသေးတယ်။ အဲ့ဒီစေတီကို တက်တဲ့လမ်းက ကျောက်တောင်ဘေးမှာ လှေကားလေးတွေကပ်ပြီးလုပ်ထားတဲ့အတွက် အဖွဲ့လိုက်ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ဓါတ်ပုံရိုက်ရင် အရမ်းလှတဲ့နေရာလေးတစ်ခုပါပဲ။ ဂူအထွက်ပေါက်ကနေ ဂူအဝင်ပေါက်ကို ပြန်သွားရတဲ့ စောင်းတန်းရှည်ကြီးတစ်ခုလည်းရှိပါသေးတယ်။ စောင်းတန်းလေးမှာ ရှမ်းပြည်ထွက်ပစ္စည်းတွေရောင်းရှိတာကြောင့် လက်ဆောင်ပစ္စည်းဝယ်ချင်သူတွေအတွက် အင်မတန်မှ အဆင်ပြေလှပါတယ်။

ဗျိုက်တောင် နဲ့ နေကြာပန်းရိုင်း

“မြင်းမထိဂူ” အပြန်လမ်းမှာ “မုံးဝန်တောင်ကြီး” လည်း ရှိပါသေးတယ်။ အဲ့ဒီတောင်ကြီးက သရုပ်ဆောင်ဗျိုက်ရဲ့ ကွေကာအုပ်ကြော်ငြာမှာပါခဲ့တဲ့ တောင်ကြီးမို့လို့ “ဗျိုက်တောင်” လည်း ခေါ်ကြပါတယ်။

ပန်းလေးတွေနဲ့ ဓါတ်ပုံရိုက်ရတာ ကြိုက်တဲ့သူတွေအနေနဲ့ “မြင်းမထိဂူ” အပြန်လမ်းတစ်လျှောက်မှာ အလေ့ကျပေါက်နေတဲ့ နေကြာပန်းရိုင်းလေးတွေနဲ့ ဓါတ်ပုံရိုက်လို့ရပါသေးတယ်။ ချယ်ရီတို့လည်း ကားရပ်ပြီး နေကြာပန်းရိုင်းလေးတွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ခွင့်ပြုချက်မတောင်းပဲ သူများပန်းခင်းတွေထဲအတင်းဝင်ပြီး ဓါတ်ပုံရိုက်တာထက် အခုလိုအလေ့ကျပေါက်တဲ့ ပန်းလေးတွေနဲ့ပဲ ဓါတ်ပုံရိုက်ပါလို့ ချယ်ရီက မေတ္တာရပ်ခံချင်ပါတယ်။

အိုးစည်တောင်

ဘုရားလည်းဖူး၊ ရှူခင်းကြည့်၊ ဓါတ်ပုံလည်း ရိုက်လို့ကောင်းတဲ့ နောက်ထပ်လည်စရာ နေရာတစ်ခုဖြစ်တဲ့ “အိုးစည်တောင်” ကိုလည်းသွားခဲ့ပါသေးတယ်။ အိုးစည်တောင်က တော်တော်ကိုမြင့်တဲ့ တောင်ပါ။ တောင်ထိပ်မှာ စေတီတစ်ဆူရှိပြီး စေတီရင်ပြင်ပေါ်ကနေ တောင်အောက်ကို ကြည့်မယ်ဆိုရင် ကလောမြို့တစ်ခုလုံးနဲ့ တောင်တန်းတွေရဲ့ အလှကို ရှုမဆုံးနိုင်အောင် မြင်တွေ့ရပါတယ်။

မြို့အဝင်မှာမြင်းစီးမယ်

အိုးစည်တောင်က ပြန်အဆင်းမှာ ချယ်ရီက ကလောမြို့ရောက်အမှတ်တရအနေနဲ့ ကလောမြို့မှကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ရှေ့မှာ မြင်းစီးပြီးဓါတ်ပုံရိုက်ခဲ့ပါတယ်။ မြင်းခက တစ်ယောက်ကို (၁,၀၀၀) ပဲပေးရပါတယ်။

နေ့လည်စာစားမယ်

နေ့လည်လည်းရောက်ပြီဆိုတော့ ကလောမြို့က နာမည်ကြီး ထမင်းဆိုင်တစ်ခုဖြစ်တဲ့ “သုမောင်” https://cutt.ly/FrbGRTX ထမင်းဆိုင်မှာ နေ့လည်စားပါတယ်။ ဈေးနှုန်းက ဘာဟင်းနဲ့စားစား အဝစား တစ်ယောက် (၄,၀၀၀) ပါ။

ကလောဘူတာ

ကလောမြို့အလည်အပတ်ခရီးစဉ်မှာ ကလောဘူတာလေးကလည်း မပါမဖြစ်လည်ပတ်ရမယ့်နေရာလေးပါပဲ။ ကိုလိုနီခေတ် လက်ရာ အငွေ့အသက်တွေရှိသေးတဲ့ ကလောဘူတာလေးက အခုဆို နှစ်ပေါင်း (၁၀၀) ကျော်ရှိပါပြီ။ ပထမကမ္ဘာစစ်အတွင်း (၁၉၁၅) ခုနှစ်ကာလက တည်ဆောက်ခဲ့တာပါ။ အရင်က ကလောဘူတာလေးကို ရထားအစီးရေတော်တော်များများအဝင်အထွက်ရှိပေမယ့် အခုအချိန်မှာတော့ တနေ့ကို (၂) စီးသာ အဝင်အထွက်ရှိပါတော့တယ်။

ကလောနာရီစင်နဲ့ မောမြေဦးပန်းခြံ

ဓါတ်ပုံဝါသနာအိုးတွေအတွက် ဘူတာ အပြန်လမ်းပေါ်မှာရှိတဲ့ ကလောနာရီစင်ကြီးနဲ့ ဓါတ်ပုံရိုက်လို့ရသလို နာရီစင်ဘေးက “မောမြေဦးပန်းခြံ” မှာလည်း ဓါတ်ဝင်ဖမ်းလို့ရပါသေးတယ်။ “မောမြေဦးပန်းခြံ” က ဝင်ကြေးအခမဲ့ပါ။

ကလောနှီးဘုရား

ကလောမြို့မှာ နာမည်အကျော်ကြားဆုံး ဘုရားတစ်ဆူဖြစ်တဲ့ နှစ်ပေါင်း (၅၀၀) ဝန်းကျင် သက်တမ်းရှိပြီဖြစ်တဲ့ “ကလောနှီးဘုရား” ကိုလည်း သွားဖူးခဲ့ပါတယ်။ “ကလောနှီးဘုရားကြီး” ရဲ့ ဘွဲ့တော်မှာ “မဟာမုနိနှီးဘုရား” ဖြစ်ပါတယ်။

နှီးဘုရားကြီးရဲ့ ရာဇဝင် အကြောင်းအရာကို သေချာမသိကြပေမဲ့ လွန်ခဲ့သော နှစ်ပေါင်း (၅၀၀) ကျော်၊ ပထမ အင်းဝခေတ်က ထုလုပ်ထားတာဖြစ်တယ်လို့ သမိုင်းပညာရှင် ဒေါက်တာ ဦးခင်မောင်ညွှန့်က စစ်ဆေး အတည်ပြုထားပါတယ်။

သစ်ဆေးသုတ်ထားတဲ့ နှီးဘုရားကြီးကို “ပင်မာကုန်း” ကျေးရွာမှ ပင့်ဆောင်လာခဲ့ပြီး ကလောနှီးဘုရား ကျောင်းဆောင်မှ ပြောင်းရွှေ့စံပ္ပါယ် ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အလှူရှင်တို့ရဲ့ ကောင်းမှုကြောင့် နီးဘုရားကြီးကို ရွှေသင်္ကန်းကပ်ရုပ်ပွားတော်အဖြစ် ဖူးမြော်နိုင်ပါပြီ။

တောင်ပေါ်ရှုခင်းသာဟိုတယ်

ခရီးသွားရင်း ဓါတ်ပုံအလှရိုက်ရတာ သဘောကြတဲ့ချယ်ရီတို့အဖွဲ့ကတော့ အရမ်းလှတဲ့ ရှူခင်းနဲ့ အလှပန်းတွေအများကြီးစိုက်ထားတဲ့ တောင်ပေါ်ရှုခင်းသာဟိုတယ် https://cutt.ly/urbGYbI ကိုသွားလည်ခဲ့ပါတယ်။ ဟိုတယ်က တောင်ထိပ်လေးမှာဖြစ်တဲ့အတွက် အောက်ကိုကြည့်လိုက်ရင် ကလောမြို့ ရှုခင်းအလှတွေနဲ့ တောင်တန်းတွေကို မြင်တွေ့ရပါတယ်။ ပန်းချစ်သူတွေအနေနဲ့ ကလောမြို့ ကို ရောက်ရင် ဒီဟိုတယ်လေးကို မရောက်ရောက်အောင် သွားလည်ခဲ့ပါနော်။

ပလောင်တောင် ( သို့) ကလော view point

ဓါတ်ပုံရိုက်ပြီးပြန်ထွက်လာချိန်မှာ ညနေစောင်းတော့မှာဖြစ်တဲ့အတွက် ပလောင်တောင် ( သို့) ကလော view point ကိုသွားပြီး ကလောမြို့ရဲ့ နေဝင်ဆည်းဆာအလှကို တစ်ဝကြီးခံစားခဲ့ပါတယ်။ ကလော view point က ကလောမြို့ရဲ့ ဂုဏ်ယူစရာနေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကလော view point ကနေ အောက်ကိုကြည့်ရင် ကလောတစ်မြို့လုံးရဲ့ရှုခင်းအလှအပတွေကို မြင်တွေ့နိုင်သလို လေလည်းအရမ်းတိုက်တဲ့နေရာလေးတစ်ခုပါပဲ။ ရှုခင်းပုံအသားပေးပြီးရိုက်ချင်တဲ့သူတွေအတွက် တကယ်ကိုဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုပါ။

Trekking လုပ်ရတာ ဝါသနာပါတဲ့သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး Trekking လေးလုပ်ရင်းနဲ့ view point ကိုတက်လို့ရပါတယ်။ view point တောင်ထိပ်မှာ လက်ဖက်သုတ်၊ ကြက်ဥကြော်၊ နွားနို့၊ ကော်ဖီ စတဲ့ အဆာပြေအစားအစာတွေလည်းရနိုင်ပါတယ်။ ချာပါတီကြိုက်တဲ့သူတွေကတော့ တောင်ထိပ်ရောက်ရင် ချာပါတီ စားခဲ့ဖို့မမေ့ပါနဲ့နော်။

ကလောမှာဟော့ပေါ့စားမယ်

view point က နေ မိုတယ်ကို ညနေ (၆) နာရီခွဲမှာ ပြန်ရောက်ပါတယ်။ မိုတယ်မှာ ခဏနားပြီး ရန်ကုန်မှာတည်းက ကလောရောက်ရင် ဟော့ပေါ့စားမယ်ဆိုပြီး ကြွေးကြော်ထားတဲ့အတိုင်း ချယ်ရီတို့အဖွဲ့က တက်ညီလက်ညီပဲ ကလောမြို့က နာမည်ကြီးဟော့ပေါ့ဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ Moe & CHUE https://cutt.ly/srbGU1m ဆိုင်မှာ ဟော့ပေါ့စားပါတယ်။ ဆိုင်က ဟော့ပေါ့တစ်မျိုးတည်းရောင်းတာမဟုတ်ပါဘူး။ တခြားရှမ်းအစားအစာနဲ့ တရုတ်အစားအစာတွေလည်းရပါတယ်။ ဆိုင်လေးက သန့်ရှင်းသပ်ရပ်သလို ဈေးနှုန်းကလည်း တော်တော်ကို သက်သာပါတယ်။ အဝစားဟော့ပေါ့ကို တစ်ယောက်ကို (၄,၀၀၀) ကျပ်ပဲ ပေးရပါတယ်။ အဲ့ဒီဆိုင်မှာ ဟော့ပေါ့စားမယ်ဆိုရင်တော့ စောစောသွားစားပါလို့အကြံပေးပါရစေ။ စားတဲ့သူတွေများတဲ့အတွက် နောက်ကျမှ သွားစားမယ်ဆို ဟော့ပေါ့ မရနိုင်တော့ပါဘူး။

ချယ်ရီတို့ရဲ့ ပထမနေ့ခရီးစဉ်လေးက ဒီလောက်ပါပဲ။ ဒုတိယနေ့
နဲ့ နောက်ဆုံးနေ့တွေမှာ ဘယ်တွေထပ်သွားလဲဆိုတာကို ပြောပြဦးမှာဖြစ်တဲ့အတွက် စောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top