ဘောနပ် ဒေါ်လာ (၁၀) သန်းကြောင့် အိမ်ခြံမြေကုမ္ပဏီက ဝန်ထမ်းတွေ အံ့အားသင့်ခဲ့ရ

yyl-018-5.jpg

စာဖတ်ပရိသတ်တွေသာ အလုပ်ကနေ မထင်မှတ်ထားဘဲ ရုတ်တရက်ဆိုသလို ဘောနပ်အများကြီးရမယ်ဆိုရင် ဘယ်လိုဖြစ်သွားကြမလဲ။ ပြောမပြတတ်လောက်အောင် ဝမ်းသာပီတိ ဖြစ်သွားကြမယ်ထင်ပါတယ်။ မေရီလန်းပြည်နယ်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ St. John Properties က ဝန်ထမ်းတွေကတော့ နှစ်စဉ်ရုံးနှစ်ပတ်လည်ပါတီအတွင်း ဘောနပ်အများကြီးရသွားခဲ့ပါတယ်။

ကုမ္ပဏီက ပါတီကျင်းပနေတုန်း ဝန်ထမ်းတွေကို အနီရောင်စာအိတ်တွေ ကမ်းပေးခဲ့ပါတယ်။ အဲဒီအနီရောင်စာအိတ်လေးထဲမှာ ဘယ်သူမှမျှော်လင့်မထားတဲ့ အရာတစ်ခုဖြစ်နေပါတယ်။ အဲဒါကတော့ သူတို့အတွက် ဘောနပ်ပါပဲ။ ကုမ္ပဏီက ဝန်ထမ်း (၁၉၈) ဦးက တစ်ယောက်ကို ပျှမ်းမျှအားဖြင့် ဘောနပ် ဒေါ်လာ (၅၀၀၀၀) စီရရှိခဲ့တာပါ။ ဘောနပ်စုစုပေါင်းတန်ဖိုးက ဒေါ်လာ (၁၀) သန်းဝန်းကျင်ရှိပါတယ်။ ပါတီမှာ ဝန်ထမ်းတွေအားလုံးက ဒီလိုဘောနပ်မျိုးရရှိမယ်လို့ မထင်ထားခဲ့တာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။

“ကျွန်မ စာအိတ်ကို ဖွင့်လိုက်တဲ့အချိန်မှာ လုံးဝကို မယုံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုခံစားခဲ့ရလဲဆိုတာ မပြောပြတတ်လောက်အောင်ပါပဲ။ ကျွန်မ အံ့သြတုန်လှုပ်နေတုန်းပါပဲ။ ဒါက သေချာပေါက် ဘဝရဲ့အပြောင်းအလဲတစ်ခုပါပဲ” လို့ လက်ထောက်ပရောဂျက်မန်နေဂျာ စတီဖန် ရစ်ချ်ဝေးလ် (Stephanie Ridgway) က ပြောပါတယ်။ St. John Properties ရဲ့ဥက္ကဌ လောရင့် မေရန်ဇ် (Lawrance Maykrantz) က ကုမ္ပဏီက (၁၄) နှစ်အတွင်း မျှော်မှန်းထားတဲ့ပမာဏကို (၂) ဆရရှိခဲ့ပြီး ရည်မှန်းချက်အတိုင်း ဖြစ်သွားခဲ့တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းထားတဲ့အတိုင်း ဖြစ်အောင်ကူညီပေးတဲ့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်တို့ တစ်ခုခုလုပ်ပေးချင်ခဲ့ပါတယ်။ ကြီးမားတဲ့အရာတစ်ခုခုကို လုပ်ပေးချင်ခဲ့တယ်” လို့ ပြောပါတယ်။

ဝန်ထမ်းတစ်ယောက်ချင်းစီက ကုမ္ပဏီမှာ သူတို့အလုပ်လုပ်နေတဲ့ နှစ်အရေအတွက်ပေါ်မူတည်ပြီး ဘောနပ်ရရှိခဲ့ပါတယ်။ အခုမှ ကုမ္ပဏီမှာ လုပ်ခါစဝန်ထမ်းတစ်ယောက်ကို အနည်းဆုံးပမာဏ ဘောနပ်ဒေါ်လာ (၁၀၀) ဖြစ်ပြီး အများဆုံးကတော့ ဒေါ်လာ (၂၇၀) ဖြစ်ပါတယ်။

“ဒါက ကျွန်တော့ဘဝမှာ မျက်မြင်ကိုယ်တွေ့မြင်ခဲ့ဖူးတဲ့ အံ့သြဖွယ်ရာကောင်းတဲ့ အရာတွေထဲကတစ်ခုပါပဲ။ လူတိုင်းလိုလိုက ဝမ်းသာပီတီဖြစ်နေကြတာပါ။ သူတို့တွေက အော်ဟစ်၊ ငိုကြွေး၊ ရယ်မော၊ ပွေ့ဖက်လို့နေကြပါတယ်။ ကျွန်တော်ရဲ့ဝန်ထမ်းတွေအတွက် အရမ်းဂုဏ်ယူရပါတယ်။ သူတို့က ကျွန်တော်တို့ကုမ္ပဏီရဲ့ အောင်မြင်မှုနောက်ကွယ်က အကြောင်းအရင်းဖြစ်သလို အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ ကျွန်တော် ဒီလိုနည်းနဲ့ သူတို့တွေကို ကျေးဇူးတင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အောင်မြင်မှုရရှိတယ်လို့ ထင်တယ်” လို့ လောရင့် မေရန်ဇ်က ပြောပါတယ်။

ရုံးခွဲပေါင်း (၈) ခုရှိတဲ့ St. John Properties ကုမ္ပဏီသမိုင်းမှာ ပြည်နယ်အတွင်းမနေထိုင်တဲ့ ဝန်ထမ်းတွေ၊ ဧည့်သည်တွေအားလုံးအတွက် လေယာဉ်စရိတ်၊ ဟိုတယ်စရိတ်တွေကို အကုန်အကျခံခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Ref: CNN “A real estate company surprised employees with $10 million in bonuses at a holiday party”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top