ကောလိပ်ကျောင်းသားဘဝတုန်းက အမိုက်စား ပြိုင်ကားလေးတစ်စီးကို ဂျိမ်းစ် တော်တော်သဘောကျခဲ့တာ။ သူ့မိဘတွေကလည်း အဲဒီကားကို ဝယ်ပေးနိုင်လောက်အောင် ဓနအင်အားတောင့်တယ်လေ။ ဒီတော့ ဘွဲ့ယူတဲ့နေ့ကျရင် အဲဒီပြိုင်ကား ဝယ်ပေးဖို့ သူ ပူဆာတာပေါ့။
ဘွဲ့ယူတဲ့နေ့ရောက်တော့ သူ့အဖေက ဂျိမ်းစ်ကို သူ့ရုံးခန်းမှာ ခေါ်တွေ့တယ်။ ” သားလိမ္မာလေး ရထားလို့ အဖေ အရမ်းဂုဏ်ယူတယ်ကွာ။ သားကို အဖေ အင်မတန်ချစ်တယ်” လို့ ပြောပြီး လက်ဆောင်ထုတ်လေး တစ်ခုပေးတယ်။ ဂျိမ်းစ်က သူ လိုချင်တဲ့လက်ဆောင် မရလို့ စိတ်သိပ်မကြည်ဘူး။ ဒါပေမဲ့ သူ့အဖေပေးတဲ့ လက်ဆောင်က ဘာလဲဆိုတာ သိချင်လို့ လက်ဆောင်ထုတ်ကို ဖွင့်ကြည့်လိုက်တော့ သားရေအဖုံးချုပ်ထားတဲ့ သမ္မာကျမ်းစာအုပ် ဖြစ်နေတယ်။
” အဖေတို့က ဒီလောက်ချမ်းသာတာတောင် သားကို သမ္မာကျမ်းစာအုပ်ပဲ လက်ဆောင်ပေးတာလား” လို့ ဒေါသတကြီး အော်ဟစ်ပြီး အိမ်က ထွက်သွားတယ်။ အချိန်တွေ ကုန်လွန်လာတော့ ဂျိမ်းစ်လည်း အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်လာတယ်။ အိမ်ထောင်ကျပြီး ကလေး ၂ ယောက် ရနေပြီ။ သူတို့မိသားစုက လှပတဲ့အိမ်လေးမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတယ်။ ဒါပေမဲ့ ဂျိမ်းစ်ကတော့ သူ့အဖေကို စိတ်နာနေတုန်းပဲ။ ဘွဲ့ရတဲ့နေ့ကစပြီး သူ့အဖေနဲ့ မတွေ့ဖြစ်တော့တာ ဒီနေ့အထိပဲလေ။
တစ်နေ့မှာတော့ သူ စာတစ်စောင်ရတယ်။ သူ့အဖေ ဆုံးသွားပြီလို့ စာထဲမှာ ရေးထားတယ်။ သူ့အဖေရဲ့သေတမ်းစာအရ သူပိုင်ဆိုင်သမျှ ဂျိမ်းစ်ကို လွှဲပေးခဲ့တယ်။ ဂျိမ်းစ်က သူ့အဖေအိမ်သွားပြီး အရေးကြီးစာရွက်စာတမ်းတွေ ရှာနေရင်းနဲ့ မမျှော်လင့်ဘဲ သမ္မာကျမ်းစာအုပ်ကို တွေ့သွားတယ်။ လက်ဆောင်ထုတ်လေးလို ထုပ်ပိုးထားတဲ့ သမ္မာကျမ်းစာအုပ်ကို မြင်လိုက်ရတော့ ဂျိမ်းစ် ရင်ထဲမကောင်းဘူး။ မျက်ရည်တွေ ဝိုင်းလာပြီး သမ္မာကျမ်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ သူ့အဖေ မျဉ်းသားထားတဲ့ စာတစ်ကြောင်းကို တွေ့လိုက်တယ်။
” သင်တို့သည် အဆိုးဖြစ်လျှင်ပင် ကိုယ့်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင် ကောင်းကင်ဘုံမှ အဖကိုယ်တော်သည် ဆုတောင်းသောသူတို့အား သာ၍ပေးတော်မူမည် မဟုတ်လော” တဲ့။
ဒီစာကြောင်းကို ဖတ်နေတုန်းမှာပဲ ကျမ်းစာအုပ်နောက်ကနေ ကားသော့တစ်ချောင်း ထွက်ကျလာတယ်။ ကားသော့ကို မြင်တာနဲ့ ဟိုတစ်ချိန်တုန်းက သူလိုချင်ခဲ့တဲ့ကားရဲ့သော့မှန်း ဂျိမ်းစ် သိလိုက်ပါပြီ။ တစ်ဆက်တည်းမှာပဲ သူ ဘွဲ့ယူတဲ့နေ့ ရက်စွဲတပ်ထားတဲ့ ကတ်ပြားတစ်ခုကိုလည်း သူ တွေ့လိုက်ရတယ်။ ကတ်ပြားပေါ်မှာတော့ ” ငွေအကျေ ပေးချေပြီး”လို့ ရေးထားပါတယ်။ ဂျိမ်းစ်ရဲ့မျက်ဝန်းမှာတော့ မျက်ရည်တွေအပြည့်နဲ့ပေါ့။
Team ( ရိုးရာလေး)