ကျောင်းမှာ အနိုင်ကျင့်ခံရလို့ ထွက်ပြေးရင်း လက်သူကြွယ်ဆုံးရှုံးလိုက်ရတဲ့ ၁၁ နှစ်ကောင်လေး

23-5-2022-yyl-14.jpg

အသက် ၁၁ နှစ် ကောင်လေး ရာဟီမ် ဘိုင်လေဟာ မေလ ၁၇ ရက်နေ့က ကျောင်းမှာ ကလေးတစ်စုရဲ့ရိုက်နှက်အနိုင်ကျင့်မှုကို ခံခဲ့ရပါတယ်။ ကျောင်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး ခြံစည်းရိုးကျော်တက်ရင်း ညာဘက်လက်သူကြွယ် ထိခိုက်မိခဲ့တာကြောင့် နောက်ပိုင်းမှာ လက်သူကြွယ်ကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ ရာဟီမ်က Abertillery Learning Community မှာ အလယ်တန်းကျောင်းစတက်ကတည်းက လူမျိုးရေးနဲ့ ကိုယ်ထိလက်ရောက်စော်ကားတာကို ရင်ဆိုင်ခဲ့ရတယ်လို့ သူ့ရဲ့အမေ ရှန်တယ် ဘိုင်လေက ပြောပါတယ်။

အခုဆိုရင် လက်သူကြွယ်ဆုံးရှုံးသွားခဲ့ရတဲ့ ရာဟီမ်ကို နာမည်ကြီးဆယ်လီတွေက အားပေးနှစ်သိမ့်တဲ့စာတွေ ပေးပို့နေကြပါတယ်။ လက်ဝှေ့သမားအန်သိုနီဂျိုရှုအာဆီက အားပေးနှစ်သိမ့်တဲ့စာကို လက်ခံရရှိခဲ့သလို ဘောလုံးသမားဂျေဒန်ဆန်ချိုနဲ့ အာရှလေ ဝီလျံ (ဘောလုံးသမားဟောင်း) တွေကလည်း ရှန်တယ်ရဲ့အင်စတာဂရမ်အကောင့်ကနေတဆင့် မက်ဆေ့ဂျ် ပေးပို့ခဲ့ကြပါတယ်။ လက်ချောင်းကိုးချောင်းပဲရှိတဲ့ အမေရိကန်ဘတ်စကက်ဘောကစားသမား ဂျရယ်ဒ် ဂရင်းကလည်း ရာဟီမ်ကို တိုက်ရိုက်ဖုန်းခေါ်ခဲ့ပါတယ်။

ရာဟီမ်ရဲ့အမေ ထောင်ခဲ့တဲ့ GoFundMe ကလည်း အလှူငွေ ပေါင် ၉၃,၀၀၀ ကျော် ရရှိခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့မှာ PA သတင်းဌာနကို ရှန်တယ်ပြောကြားခဲ့တာ “နေရာတော်တော်များများမှာ အရမ်းရက်ရောတဲ့ ဒီလိုလူ‌တွေ အများကြီးပါပဲ။ ရန်ပုံငွေအများကြီးရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အဲဒီအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်”တဲ့။
ရာဟီမ်ရဲ့လက်သူကြွယ် ဘယ်လိုဆုံးရှုံးခဲ့ရတာကိုလည်း ရှန်တယ်က ပြောပြခဲ့ပါတယ်။

“သားလေး ခြံစည်းရိုးပေါ်တက်ရင်း သူ့ရဲ့လက်မှာ လက်စွပ်ဝတ်ထားတော့ သူ့လက်က ခြံစည်းရိုးနဲ့ ငြိနေခဲ့တယ်။ လက်ပြဲသွားခဲ့တဲ့အပြင် လက်လည်း ပျက်စီးသွားခဲ့တယ်။ နေ့တိုင်း အနိုင်ကျင့်ခံနေရတာကို အရမ်းပင်ပန်းလာတာကြောင့် အဝေးကို ထွက်ပြေးနေခဲ့ရတာပါ။ အမေတစ်ယောက်အနေနဲ့ သား ယုတ်မာတာကြောင့်မဟုတ်ဘူး။ သား ကြောက်စရာကောင်းလို့မဟုတ်ဘူး။ သား အသားရေကြောင့် သားကို လူတွေက မကြိုက်ကြဘူး။ သားရဲ့မွေးရာပါအသားရေကြောင့်ပါပဲလို့ ကိုယ့်ရဲ့ကလေးကို ပြောပြရတာ ခက်ခဲတယ်”လို့ ရှန်တယ်က ပြောပါတယ်။

Abertillery Learning Community မှာရှိတဲ့ ကျောင်းပရိဝုဏ်အားလုံးကို မေလ ၂၃ ရက်နေ့ (ဒီကနေ့) မှာပိတ်ထားမယ်လို့ Blaenau Gwent County Borough Council က ကြေညာခဲ့ပါတယ်။ Gwent Police ရဲတပ်ဖွဲ့ရဲ့ရဲမှူးကလည်း ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Ref: Ladbible “Celebrities Rally To Support 11-Year-Old Kid Who Lost His Finger ‘Fleeing School Bullies'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top