ထိုင်းနိုင်ငံမှာ ဆန္ဒပြသူသောင်းချီက အစိုးရဆန့်ကျင်ရေးစုဝေးပွဲ ကျင်းပ

17-8-2020-yyl-010.jpg

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသူသောင်းချီက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ တောင်းဆိုတဲ့အနေနဲ့ အစိုးရဆန့်ကျင်ရေးစုဝေးပွဲ ထပ်မံကျင်းပခဲ့ပါတယ်။ ဆန္ဒပြသူတွေက အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲဖို့ လိုလားပြီး ဆတ်ဆတ်အထိမခံ အကြောင်းအရာတစ်ရပ်ဖြစ်နေတဲ့ ထိုင်းထီးနန်းကိုလည်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေအရ တော်ဝင်မိသားစုကို ဝေဖန်သူတွေဟာ ထောင်ဒဏ် နှစ်ရှည်လများ ကျခံရနိုင်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ထိုင်းနိုင်ငံမှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားခဲ့ပြီး ဆန္ဒပြခေါင်းဆောင် တော်တော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကျောင်းသားတွေတင်မကဘဲ တခြားသူတွေလည်း ထောက်ခံအားပေးတယ်ဆိုတာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့စုဝေးပွဲက ပြသနေတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဆန္ဒပြပွဲကို လူ ၁၀၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ ဘန်ကောက်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဘန်ကောက်မြို့ရဲ့ ဒီမိုကရေစီကျောက်တိုင်မှာ ကျင်းပခဲ့တဲ့ အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေက ”အာဏာရှင်စနစ် ကျဆုံးပါစေ။ ဒီမိုကရေစီ အဓွန့်ရှည်ပါစေ”လို့ သံပြိုင်အော်ဟစ်ပြီး စာတန်းတွေကို ဝေ့ယမ်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ် အနိုင်ရခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာကို ရာထူးကနေ ဆင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။ ဒီမိုကရေစီကျောက်တိုင်အနီးမှာတော့ ထိုင်းထီးနန်းကို ထောက်ခံသူဒါဇင်ပေါင်းများစွာက စင်ပြိုင်စုဝေးပွဲကျင်းပခဲ့ပါတယ်။

Ref: BBC “Thai protests: Thousands gather in Bangkok to demand reforms”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top