မွေးနေ့ပွဲမလုပ်ချင်တဲ့ ဝန်ထမ်းကို မွေးနေ့ပွဲလုပ်ပေးခဲ့တဲ့ ကုမ္ပဏီ နစ်နာကြေး ဒေါ်လာ ၄၅၀,၀၀၀ ပေးဖို့ တရားရုံး အမိန့်ချမှတ်

19-4-2022-yyl-05.jpg

မွေးနေ့ပွဲ မလုပ်ပေးဖို့ ကြိုပြောထားပေမဲ့ ကုမ္ပဏီက မွေးနေ့ပွဲလုပ်ပေးခဲ့တဲ့ ကိစ္စအတွက် ဝန်ထမ်းတစ်ဦးက တရားစွဲခဲ့ပြီး ကုမ္ပဏီအနေနဲ့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ပေးဆောင်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ကင်တက်ကီပြည်နယ်မှာနေထိုင်တဲ့ ကီဗင်ဘာလင်ဟာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရှာဖွေရေးကုမ္ပဏီ (Gravity Diagnostics)မှာ အလုပ်လုပ်သူပါ။

Gravity Diagnostics ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ မွေးနေ့ရောက်တိုင်း မွေးနေ့ပါတီပွဲ လုပ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကီဗင်ဘာလင်က သူ မွေးနေ့ပွဲမလုပ်ချင်ဘူး၊ မွေးနေ့ပွဲလုပ်ရင် စိတ်ဖိစီးပြီး စိုးရိမ်ထိတ်လန့်ရလေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီကတော့ ကီဗင်ဘာလင်ရဲ့ မေတ္တာရပ်ခံချက်ကို လက်မခံဘဲ မွေးနေ့ပွဲ လုပ်ပေးခဲ့ပါတယ်။ ဒါက ၂၀၁၉ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။

ကီဗင်ဘာလင်ကတော့ မွေးနေ့ပွဲကနေ ချက်ချင်းထွက်သွားပြီး သူ့ကားထဲမှာပဲ နေ့လယ်စာ စားခဲ့ပါတယ်။ နောက်နေ့မှာ ကုမ္ပဏီအကြီးအကဲတွေက ကီဗင်ဘာလင်ကို ခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ ကီဗင်ဘာလင်က တခြားဝန်ထမ်းတွေရဲ့ အပျော်ကို ခိုးယူသွားတယ်၊ မိန်းကလေးငယ်တစ်ယောက်လို ပြုမူခဲ့တယ်လို့ ဝေဖန်ခဲ့ကြပြီး အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ ကီဗင်ဘာလင်က အဲဒီကုမ္ပဏီမှာ ၁၀ လကြာ အလုပ်လုပ်ခဲ့သူပါ။

ကီဗင်ဘာလင်ရဲ့ တရားစွဲဆိုမှုမှာတော့ ကုမ္ပဏီက သူ့ရဲ့မသန်စွမ်းဖြစ်မှုကို ခွဲခြားဆက်ဆံတယ်၊ အဲဒီကိစ္စအတွက် ကျေအေးအောင် ဖြေရှင်းပေးဖို့ တောင်းဆိုမှုအတွက် လက်စားချေ တုံ့ပြန်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှာတော့ ကင်တက်ကီပြည်နယ် တရားရုံးက ၂ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက်မှာ ကီဗင်ဘာလင်အတွက် စိတ်ဖိစီးမှုဖြစ်စေလို့ ဒေါ်လာ ၃၀၀,၀၀၀ ၊ လုပ်ခလစာ ဆုံးရှုံးနစ်နာမှုအတွက် ဒေါ်လာ ၁၅၀၀,၀၀၀ ပေးဖို့ ကုမ္ပဏီကို အမိန့်ချမှတ်ခဲ့ပါတယ်။

ကီဗင်ဘာလင်ဟာ ငယ်စဉ်ဘဝတုန်းက သူ့မွေးနေ့ပွဲမှာပဲ သူ့အမေနဲ့အဖေ ကွာရှင်းပြတ်စဲခဲ့ကြလို့ မွေးနေ့ပွဲလုပ်ရင် ငယ်ဘဝပုံရိပ်တွေ ပြန်ပေါ်လာပြီး စိုးရိမ်သောက ခံစားနေရသူ ဖြစ်ပါတယ်။

Ref: BBC “US man wins $450k lawsuit after unwanted office birthday party”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top