ကျောင်းစတက်တဲ့နေ့မှာ ကြောက်ရွံ့နေတဲ့ကလေးလေးကို ကူညီပေးခဲ့တဲ့ကားမောင်းသမား

yyl-042-2.jpg

ပထမဆုံးကျောင်းစတက်ရတာ လူတိုင်းအတွက် စိတ်လှုပ်ရှားစရာအခိုက်အတန့်ဖြစ်နိုင်ပါတယ်။ သင့်အသက်သာ (၄) နှစ်ဆိုရင် ကျောင်းစတက်ရတော့မယ်ဆိုတဲ့ ခံစားချက်က အခြားသူတွေထက် နှစ်ဆဖြစ်နေမှာပါ။ အက်ဇယ် ဂျွန်ဆန် (Axel Johnson) ဆိုတဲ့ ကလေးလေးက ကျောင်းစတက်ရမဲ့နေ့ ကျောင်းကားစီးမယ့်အချိန်မှာ ကြောက်ရွံ့ပြီးစိတ်လှုပ်ရှားနေတဲ့အတွက် သူ့ကိုထားပြီး သူ့ရဲ့မိခင်ကို မသွားစေချင်ခဲ့ပါဘူး။ အဲဒါနဲ့ပဲ ကျောင်းကားမောင်းသမား အစ်စဘယ် လိန်း (Isabel Lane) က ကလေးလေးကို သူ့လက်ကိုကိုင်ထားစေခဲ့ပါတယ်။

“သူ့အမေကို သွားခွင့်မပေးခဲ့တာ ကျွန်မ မြင်တွေ့ခဲ့ရပါတယ်။ ပထမဆုံးကျောင်းစတက်ရမဲ့ကလေးတွေကို စိတ်သက်သာရာရစေချင်တဲ့မျှော်လင့်ချက်နဲ့ ကျွန်မ့လက်ကို ကိုင်ခိုင်းခဲ့တာပါ” လို့ ကားမောင်းသမား လိန်းက ပြောပါတယ်။

“အက်ဇယ်ရဲ့လက်ကို လိန်းကိုင်ထားတာ ကျွန်မ မြင်ခဲ့တဲ့အခါမှာ သားလေးအဆင်ပြေသွားပြီ၊ စိတ်ချရပြီလို့ ကျွန်မသိခဲ့တယ်” လို့ အက်ဇယ်ရဲ့မိခင် အာမီ ဂျွန်ဆန်ကပြောခဲ့ပါတယ်။ ကားမောင်းသမားက အက်ဇယ်ရဲ့လက်ကလေးကိုင်ထားတဲ့ပုံကို Augusta Police Department ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ “ကျွန်တော်တို့ရဲ့ဆရာ၊ဆရာမတွေ၊ ကားမောင်းသမားတွေ၊ စီစဉ်ညွှန်ကြားတဲ့သူတွေ၊ အစားအစာဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းတွေရဲ့အကြင်နာတရားတွေက လေးစားလောက်စရာပါပဲ” ဆိုတဲ့စာသားလေးနဲ့ တင်ထားတာတွေ့ရပါတယ်။

ပို့စ်က ကောင်းတဲ့တုံ့ပြန်ချက်တွေရခဲ့တဲ့အတွက် လိန်းက အံ့အားသင့်ခဲ့ရပါတယ်။ “ဖေ့စ်ဘွတ်ခ်မှာ မိဘတွေဆီက စာတွေလက်ခံရရှိခဲ့ပါတယ်။ ကျွန်မရဲ့အပြုအမူအတွက် ကျေးဇူးတင်တဲ့စာတွေပါ။ လူတော်တော်များများ အခုလိုတုံ့ပြန်ကြတဲ့အတွက် ဝမ်းသာမိပါတယ်” လို့ လိန်းက ဆိုပါတယ်။ အခုဆိုရင် အက်ဇယ်က ကျောင်းကိုလည်း ကောင်းကောင်းတက်နေပြီး သူ့မျက်နှာမှာလည်း အပြုံးပန်းဆင်လို့နေပါတယ်။

Ref: ABCNews “Bus driver holds nervous boy’s hand on first day of school”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top