အံ့အားသင့်စရာကောင်းအောင်ပဲ နှစ်လအတွင်းမှာ ဦးနှောက်အကျိတ် ပြန်ပျောက်သွားခဲ့တဲ့ ကလေးငယ်

Drupal-NEWS_Seizures.jpg

လွန်ခဲ့တဲ့ ဇွန်လတုန်းက အသက် ၁၁ နှစ်သမီးလေး ရောက်ဇ်လီ ဒေါ့စ် (Roxli Doss) ရဲ့ ဦးနှောက်မှာ ရှားပါးလွန်းပြီး ခွဲစိတ်ကုသလို့ မရနိုင်တဲ့ အကျိတ်တစ်မျိုးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီအကျိတ်ဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ (၂) လတာအတွင်း ပြန်ပျောက်ကင်းသွားခဲ့ပါတယ်။

ဒါဟာ အတော်ထူးဆန်းပြီး ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဖြစ်နိုင်ခြေ မရှိသလောက်ကိစ္စဖြစ်တာမို့ ဆေးပညာ အသိုင်းအဝိုင်းမှာတော့ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။ ဆရာဝန်တွေအတွက်တောင် ရှင်းပြရခက်ပြီး ဆန်းကြယ်လွန်းတဲ့ ဒီအဖြစ်မှာ ဒေါ့စ်ရဲ့ မိဘနှစ်ပါးကတော့ ဝမ်းမြောက်ဖွယ်ရာ ဘုရားပေးတဲ့ ဆုလာဘ်အနေနဲ့ သမီးလေးအတွက် စိတ်သက်သာရာရသွားခဲ့ကြပါပြီ။

ကလေးငယ် ဒေါ့စ်ဟာ သူ့ဦးနှောက်ထဲ အကျိတ်ရှိနေမှန်း သိသိချင်း ဆေးကုသမှုကို ရဲရဲဝံ့ဝံ့ပဲ ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ရက်သတ္တပတ်တွေ ဆက်တိုက် ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကုသမှုကို ခံယူခဲ့ရတာပါ။ သို့ပေမဲ့ ဆရာဝန်တွေရဲ့အဆိုအရ အကျိတ်အစိုင်အခဲဟာ ဒီကုထုံးနဲ့ ကုပြီး ပျောက်ကင်းသွားနိုင်စွမ်း ဘယ်လိုမှ ရှိမနေပါဘူး။ ဒေါ့စ်လေးရဲ့အသက်ကို တတ်နိုင်သမျှ ဆွဲထားနိုင်အောင်ပဲ ကုသပေးနေခဲ့တာ ဖြစ်ပါတယ်။

“ကလေးမလေးက စားတဲ့အစာကို မျိုချရတာ ခက်လာတယ်။ တစ်ခါတစ်ခါဆို အမြင်အာရုံပါ ပျောက်ကွယ်သွားတာ။ စကားကိုလည်း ကောင်းကောင်း မပြောနိုင်တော့ဘူး။ နောက်ဆုံး အသက်ရှုဖို့တောင်မှ ခက်ခဲလာခဲ့တယ်။ ကလေးခံစားနေရတာကို မြင်ရသူတွေအဖို့ တော်တော် စိတ်ထိခိုက်စေပြီး အင်မတန်ဆိုးရွားတဲ့ ရောဂါပါပဲ” လို့ အော်စတင်မြို့၊ ကလေးဆေးရုံက ဒေါ့စ်ရဲ့ဆရာဝန်က ဒေါ့စ်ရဲ့အဖြစ်ကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဒေါ့စ်ဟာ အရင်လို သွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ ကျန်းမာရေး ဒေါင်ဒေါင်မြည် ပြန်ဖြစ်နေပါပြီ။ ဦးနှောက်တွင်းအကျိတ်ဟာ နောက်တစ်ဖန် ပြန်ပေါ်ကောင်း ပေါ်လာနိုင်သေးတယ်လို့ ဆရာဝန်တွေက စိုးရိမ်မှု ရှိနေဆဲပါပဲ။

“ဦးနှောက်ကို ဓာတ်မှန်ရိုက်ပြီး ပြန်စစ်ကြည့်တဲ့အချိန်မှာတော့ အကျိတ်ကို မမြင်ရတော့ဘူး။ တကယ်ကို မယုံနိုင်စရာပါပဲ။ တော်တော့်ကို ထူးခြားပြီး ဖြစ်လေ့ဖြစ်ထမရှိတဲ့ အခြေအနေတစ်ခုပါ ” လို့ ဒေါ့စ်ရဲ့ ဆရာဝန်က ပြောဆိုသွားခဲ့ပါတယ်။

Ref: CBS NEWS “11 years old girl’s brain tumor disappears in medical mystery”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top