သူ့ရဲ့ဂျက်လေယာဥ်ကို ခြေရာခံနေတဲ့ တွစ်တာအကောင့်ဖျက်ပေးဖို့ ဆယ်ကျော်သက်တစ်ဦးကို အီလွန်မက်စ်က ဒေါ်လာ ၅၀၀၀ နဲ့ ကမ်းလှမ်းတောင်းဆို

30.1.2021yyl14.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ဟာ သူ့ရဲ့ ကိုယ်ပိုင်ဂျက်​​ယာဉ်ကို ​ခြေရာခံနေတဲ့ တွစ်တာအကောင့်ကို ဖျက်ပေးဖို့ ဖလော်ရီဒါ​​ပြည်နယ်က အသက် ၁၉ နှစ်အရွယ် ဂျက်ခ် ဆွီနေး (Jack Sweeney) ကို ဒေါ်လာ ၅၀၀၀ နဲ့ ကမ်းလှမ်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆယ်ကျော်သက်ကောင်လေး ဂျက်ခ်က အီလွန်မက်စ်ရဲ့တောင်းဆိုမှုကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဂျက်ခ်ရဲ့ တွစ်တာအကောင့် ElonJet မှာ ဖော်လိုဝါ ၁၅၀၀၀၀ ကျော်ရှိပြီး အီလွန်မက်စ်ရဲ့ လေကြောင်းခရီးစဥ်ကို စောင့်ကြည့်ဖို့အတွက် ဂျက်ခ် တီထွင်ထားတဲ့ ဘော့တ် (bot)ကို အသုံးပြုထားပါတယ်။ ElonJet တွစ်တာအကောင့်က အီလွန်မက်စ်ရဲ့လေယာဉ်ထွက်ခွာတဲ့ အချိန်၊ ဆင်းသက်တဲ့အချိန်၊ ခရီးတစ်ခုစီရဲ့ကြာချိန်တို့ကို ဖော်ပြပေးပါတယ်။

ကောလိပ်ပထမနှစ်​ကျောင်းသားလေး ဂျက်ခ်က ဘီလ် ဂိတ် (Bill Gates) နဲ့ ဂျက်ဖ် ဘေးဇို့စ် (Jeff Bezos) အပါအဝင် ချမ်းသာတဲ့နည်းပညာပုဂ္ဂိုလ်တွေရဲ့ ခရီးစဥ်​တွေကို ခြေရာခံတဲ့ အခြားဘော့တ်အကောင့် တစ်ဒါဇင်ခန့်ကို တီထွင်ခဲ့တာပါ။ အီလွန်မက်စ်ဆီက ကနဦးတိုက်ရိုက် မက်ဆေ့ချ်က နိုဝင်ဘာ ၃၀ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ ‘ဒါကို ဖြုတ်ချပေးနိုင်မလား။ လုံခြုံရေးအတွက် အန္တရာယ်များလို့ပါ’လို့ အီလွန်မက်စ်က ဂျက်ခ်ကို တောင်းဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အီလွန်မက်စ်က သူ့ရဲ့လေကြောင်းခရီးကို ခြေရာခံနေတဲ့လူတွေရန်က ကာကွယ်ဖို့အတွက် ဂျက်ခ်ကို ဒေါ်လာ ၅၀၀၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဂျက်ခ်က ကောလိပ်အတွက် ပိုက်ဆံသုံးဖို့နဲ့Tesla (TSLA) Model 3 အတွက်လည်း ဖြစ်နိုင်တယ်လို့ ပြောပြီး ဒေါ်လာ ၅၀၀၀၀ တောင်းခဲ့ပါတယ်။ နောက်ဆုံး မက်ဆေ့ချ် အပြန်အလှန်ပေးပို့မှုက ဇန်နဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ကပါ။ အီလွန်မက်စ် “ဒါကို ပိတ်ပစ်ဖို့ ပိုက်ဆံပေးရတာ အဆင်မပြေဘူး” လို့ ဆိုခဲ့ပါတယ်။ “အလုပ်သင်လို လုပ်ခထက် အခြားရွေးချယ်မှုတွေက အဲဒါကို ဖယ်ရှားရာမှာ ပိုပြီး လွယ်ကူစေပါလိမ့်မယ်”လို့ ဂျက်ခ်က ပြန်ဖြေကြားခဲ့ပါတယ်။ အီလွန်မက်စ်က ပြန်လည်မတုံ့ပြန်သေးပါဘူး။

ဂျက်ခ်ဟာ ၂၀၁၈ခုနှစ်က ပထမဆုံး Falcon Heavy လွှတ်တင်ကတည်းက SpaceXရဲ့ ပရိသတ် တစ်ယောက်ဖြစ်ခဲ့တာပါ။ သူ့ရဲ့ဖခင်က လေကြောင်းလိုင်းတစ်ခုမှာ အလုပ်လုပ်တာပါ။ အဲဒါကလည်း သူ့ရဲ့လေကြောင်းဆိုင်ရာစိတ်ဝင်စားမှုကို လှုံဆော်စေခဲ့ပါတယ်။ “ဒေါ်လာ ၅၀၀၀ က ဒီဟာကို ဘယ်လောက် ဖယ်ရှားဖယ်ရှား မလုံလောက်ပါဘူး။ ဒီဟာကို ဘယ်အရာနဲ့မှ အစားမထိုးနိုင်ပါဘူး”လို့ ဂျက်ခ်က ဆိုခဲ့ပါတယ်။

ဂျက်ခ်က လေကြောင်းခြေရာခံတဲ့အစီအစဥ်ကို တုန့်ပြန်ဖို့အတွက် ပိတ်ဆို့ဟန့်တားခြင်း ပရိုဂရမ်တစ်ခုအကြောင်းအီလွန်မက်စ်ကို ပြောပြပြီး နည်းပညာအကြံတချို့ပေးခဲ့ပါတယ်။ “သူ အဲဒီအကြံဉာဏ်ကို ယူခဲ့တဲ့ပုံပဲ”လို့ ဂျက်ခ်က ​ပြောပါတယ်။ လက်ရှိမှာ အီလွန်မက်စ်က ပိတ်ဆို့ဟန့်တားခြင်း ပရိုဂရမ်ကို အသုံးပြုနေတဲ့ပုံရပါတယ်။ ပိတ်ဆို့ဟန်တားခြင်း ပရိုဂရမ်ရှိနေပေမဲ့ ဂျက်ခ်က အီလွန်မက်စ်ရဲ့လေကြောင်းခရီးကို ခြေရာခံလို့ရသေးတယ်လို့ ဆိုပါတယ်။ “ကျွန်တော် ခြေရာခံလို့ရသေးတယ်။ ဒါက နည်းနည်း ပိုပြီးရှုပ်ထွေးတယ်”လို့ ဂျက်ခ်က ဆိုပါတယ်။

Ref: CNN “Elon Musk offered a Florida teen $5,000 to delete a Twitter account tracking his jet. It wasn’t enough”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top