စက်ရုပ်တီထွင်တဲ့ အာဖဂန်နစ္စတန်မိန်းကလေးအဖွဲ့က ကားပစ္စည်းတွေသုံးပြီး တန်ဖိုးနည်း အသက်ရှူစက်တီထွင်နေ

99123206_3135800093129888_372410425188286464_n.png

အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းကလေးတွေနဲ့ စုဖွဲ့ထားတဲ့ စက်ရုပ်တီထွင်ရေးအဖွဲ့က ကားပစ္စည်းတွေသုံးပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် တန်ဖိုးနည်း အသက်ရှူစက် တီထွင်ပေးနေပါတယ်။ Afghan Dreamers လို့ လူသိများတဲ့ ဆယ်ကျော်သက်မိန်းကလေးအဖွဲ့ဟာ ၂၀၁၇ ခုနှစ် နိုင်ငံတကာပြိုင်ပွဲမှာ အထူးဆုဆွတ်ခူးခဲ့လို့ ကျော်ကြားလာခဲ့တာပါ။

သူတို့အဖွဲ့ဟာ ဈေးကွက်ထဲမှာရောင်းတဲ့ အသက်ရှူစက်တွေရဲ့ အစွန်းထွက်လောက်ပဲ ကုန်ကျတဲ့ ငွေကြေးပမာဏမျိုးနဲ့ တန်ဖိုးနည်းအသက်ရှူစက်တွေကို မေလကုန် နောက်ဆုံးထားထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ နှစ်ကာလကြာမြင့်တဲ့ စစ်ပွဲကြောင့် အထိနာနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ လူဦးရေ ၃၈ ဒသမ ၉ သန်းရှိပေမဲ့ တစ်နိုင်ငံလုံးမှာ အသက်ရှူစက် အလုံး ၄၀၀ ပဲရှိပါတယ်။ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၆၅၀ ကျော် ရှိပြီး လူ ၁၇၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ ပိုဆိုးလာမယ်ဆိုရင် နဂိုကတည်းက ယိုင်နဲ့နေတဲ့ ကျန်းမာရေးစနစ် ပြိုလဲသွားမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

” ကျွန်မတို့အားထုတ်မှုကြောင့် လူ့အသက်တစ်ချောင်းပဲ ကယ်နိုင်တယ်ဆိုလည်း ဒီကိစ္စက အရေးကြီးပါတယ်” လို့ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ အဖွဲ့ဝင်မိန်းကလေး ရာဟီမီက ပြောပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြားအရွယ်ရှိတဲ့ မိန်းကလေးတွေဟာ တိုယိုတာကိုရိုလာကားရဲ့ မော်တာနဲ့ ဟွန်ဒါဆိုင်ကယ်ရဲ့ ချိန်းကြိုးကို အသုံးပြုပြီး အသက်ရှူစက်ပုံစံငယ် ထုတ်လုပ်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေမှာ စံချိန်မီ အသက်ရှူစက်တွေ မရှိဘူးဆိုရင် သူတို့ရဲ့ တန်ဖိုးနည်းအသက်ရှူစက်က လူနာတွေကို အထိုက်အလျှောက် သက်သာရာရစေလိမ့်မယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top