လက်ခငွေမယူဘဲ စက်ဘီးရာကျော် ပြင်ပေးနေတဲ့ အငြိမ်းစားသင်္ချာပညာရှင်

15-1-2021-yyl36.jpg

ဒုက္ခရောက်နေတဲ့၊ အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီပေးတာက မင်္ဂလာတစ်ပါးပါပဲ။ မေရီလန်းပြည်နယ်က အငြိမ်းစားသင်္ချာပညာရှင်တစ်ယောက်ဆိုရင်လည်း အိမ်နီးနားချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေအပြင် သူစိမ်းတွေကိုတောင် လက်ခငွေမယူဘဲ စက်ဘီးတွေကို ပြင်ပေးပြီး ကူညီပေးနေတာပါ။

ရစ် ဂျက်ဆန် (Ric Jackson) ဆိုတဲ့အမျိုးသားက ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကစပြီး အိမ်နီးနားချင်းတစ်ယောက်ကို စက်ဘီးပြင်ပေးပြီး ကူညီပေးခဲ့တာကနေ စတင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက အိမ်နီးချင်းတစ်ယောက်ဟာ သူ့သမီးလေးရဲ့စက်ဘီးဘရိတ်တွေကို ပြင်ပေးနိုင်မယ့် လူတစ်ယောက်ရှာနေခဲ့ပါတယ်။ ရစ် ဂျက်ဆန်လည်း အဲဒီအိမ်နီးချင်းရဲ့အဖြစ်ကို သိပြီး ကူညီပေးဖြစ်ခဲ့ပါတယ်။ “ကျွန်တော် စက်ဘီးကို ပြင်ပေးခဲ့တယ်။ ပြီးတော့ သူ ပြန်ယူသွားခဲ့တယ်။ စက်ဘီးအကောင်းတိုင်းဖြစ်သွားတော့ သူတို့သားအဖတွေ အရမ်းပျော်သွားခဲ့တာပါ” လို့ ရစ် ဂျက်ဆင်က ဆိုပါတယ်။

အဲဒီကတည်းက မိတ်ဆွေသူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေနဲ့ သူစိမ်းတွေအတွက် စက်ဘီး (၆၅၀) ကျော်ကို လက်ခမယူဘဲ ပြင်ပေးနေခဲ့ပါတယ်။ သူဟာ လက်ခအနေနဲ့ ဘာမှမယူဘဲ ကူညီပေးခဲ့ပေမဲ့ သူတို့ပြန်ပေးခဲ့တာတွေကလည်း များခဲ့တယ်။ အထူးသဖြင့် ကလေးတွေရဲ့အပျော်တွေပါပဲလို့ ပြောပါတယ်။ ရစ် ဂျက်ဆင်က စက်ဘီးအဟောင်းလေး ကောင်းသွားလို့ ကလေးတွေရဲ့မျက်နှာမှာ အပျော်တွေမြင်ရတာကိုပဲ ပီတိဖြစ်နေရတယ်လို့ ဆိုပါတယ်။

ရစ် ဂျက်ဆင်က စက်ဘီးတာယာတွေမှာ ဖုန်တွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးပြီး အသစ်အတိုင်းဖြစ်အောင် ပြင်ပေးတတ်ပါတယ်။ ဖခင်တစ်ဦးကဆိုရင် သူ့ကို “ဒီနေ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့သားအဖ (၂) ယောက် စက်ဘီးကောင်းကောင်းစီးခဲ့ရပြီး သမီးလေးရဲ့အပြုံးတွေကို မြင်ခဲ့ရပါတယ်” ဆိုတဲ့ ကျေးဇူးတင်စကားဆိုတဲ့စာကိုလည်း ပေးပိုခဲ့ပါသေးတယ်။

သူတို့ရဲ့ကျေးဇူးတင်စကားက သူ့ရဲ့တစ်နေ့တာကို ပြီးပြည့်စုံစေတဲ့အရာဖြစ်ပြီး ဒါက သူ့အတွက် ဆုလာဘ်တစ်ခုပါပဲ။ အခုလိုခက်ခဲတဲ့အချိန်အတွင်းမှာ ကလေးတွေရဲ့အပြုံးထက်ပိုကောင်းတဲ့ဆုလာဘ်မရှိနိုင်ဘူးလို့ ရစ် ဂျက်ဆင်က ဆိုထားပါတယ်။

Ref: CBSNews “Retired mathematician fixes bikes for hundreds without charging a dime”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top