အိုင်စတိုင်းနဲ့ ဟော့ကင်းတို့ထက် IQ များနေတဲ့ ၁၁ နှစ်သားလေး

588996-arnav-sharma.jpg

အင်္ဂလန်နိုင်ငံ တောင်ပိုင်းရှိ ရီးဒင်းမြို့ (Reading) တွင်နေထိုင်သူ အာနက်ရှာမာ (Arnav Sharma) ဆိုသူ ကောင်လေးတစ်ယောက်ဟာ  IQ Test မှာ ၁၆၀ ရရှိခဲ့တဲ့ အဲလ်ဘတ် အိုင်စတိုင်း နဲ့ (Albert Einstein ) စတီဖင် ဟော့ကင်း (Stephen Hawking) တို့ကို ကျော်လွန်ကာ IQ Score  ၁၆၂ အထိ ရရှိခဲ့ပါတယ်။

အာနက်ရှာမာဟာ အသက် ၁၁ နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး IQ test စာမေးပွဲကိုလည်း ကြိုတင်ပြင်ဆင်မှုမရှိပဲ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ IQ test စာမေးပွဲဟာ အဓိကအားဖြင့် နှုတ်ပိုင်းဆိုင်ရာ ဆင်ခြင်တုံတရားစွမ်းရည်ကို စစ်ဆေးခဲ့တာ ဖြစ်ပြီး “ Mensa test ဟာ တော်တော်ခက်ခဲတဲ့အတွက် လူတော်တော်များများကတော့ မအောင်ကြပါဘူး။  ကျွန်တော်စာမေးပွဲဖြေခဲ့တာ ၂ နာရီခွဲလောက် ကြာခဲ့ပါတယ်။ ဖြေတဲ့သူ ၈ ယောက်လောက်ရှိပြီး ကျွန်တော်အပါအဝင် ကလေး  ၂ယောက်ကလွဲလို့ ကျန်တဲ့သူတွေက လူကြီးတွေပါ ” လို့ အာနက်ရှာမာက ပြောဆိုခဲ့ပါတယ်။

အာနက် ရှာမာဟာ အိန္ဒိယနိုင်ငံမှ ပြောင်းရွေ့လာသူတစ်ဦးဖြစ်ပြီး သူ့ရဲ့မိခင်ဖြစ်သူ မီရှာ ဒါမီဂျာရှာမာ (Meesha Dhamija  Sharma) ကတော့ သားဖြစ်သူ အခုလို Mensa test  မှာ ထူးထူးချွန်ချွန်ရလဒ် ရလာခဲ့တဲ့အတွက် ဝမ်းသာကြောင်းပြောဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူ မီရှာ ဒါမီဂျာရှာမာ ကတော့ အာနက်ရှာမာရဲ့ ဖခင်ဖြစ်သူဟာလည်းပဲ ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့  သားဖြစ်သူလောက်တော့ မထက်မြက်ပါဘူး လို့ပြောခဲ့ပါတယ်။

အခုဆိုရင် အာနက် ရှာမာကို Eton College and  Westminster College မှ ကျောင်းတက်ဖို့ ကမ်းလှမ်းထားပြီး အာနက်ရဲ့ ဝါသနာတွေကတော့ ကွန်ပျူတာ ပရိုဂရမ်မင်း၊ ဘတ်မင်တန်၊  စန္ဒယားတီးခြင်း နဲ့ စာဖတ်ခြင်းတို့ဖြစ်ပြီး ပထဝီပိုင်းဆိုင်ရာကိုလည်း စိတ်ဝင်စားသူတစ်ယောက်ဖြစ်ကာ ကမ္ဘာ့နိုင်ငံကြီးများရဲ့  မြို့တော်နာမည်အားလုံးကို ပြောပြနိုင်သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Mensa ဟာ ကမ္ဘာပေါ်ရှိ သီးသန့်ကလပ်တစ်ခုဖြစ်ပြီး ဒီအဖွဲ့ကို ဝင်ရောက်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းက  IQ test စာမေးပွဲတွေမှာ  ဝင်ဖြေကာ အမှတ် ထူးထူးချွန်ချွန်ရဖို့ လိုအပ်ပါတယ်။ Mensa အဖွဲ့ဝင်များဟာ အင်္ဂလန်နိုင်ငံရဲ့  ၂ % သော လူဦးရေခန့်သာရှိပြီး Mensa အဖွဲ့ကို  ၁၉၄၆ ခုနှစ်က အောက်စဖို့ (Oxford) မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Mensa အဖွဲ့ရဲ့ ရည်မှန်းချက်ကတော့  “ လူသားဥာဏ်ရည် အကောင်းဆုံးသူများကို ရှာဖွေပြီး လူသားကောင်းကျိုးအတွက် မြေတောင်မြှောက်ပေးရန်” ဖြစ်တယ် လို့သိရပါတယ်။

Ref : independent News : Boy, 11, gets higher IQ test score than Albert Einstein and Stephen Hawking

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top