၉ နှစ်သမီးလေးရဲ့လေယာဉ်ပေါ်ကျန်ခဲ့တဲ့ အရုပ်လေးကို ပြန်ရှာပြီး ကိုယ်တိုင်လာပို့ပေးခဲ့တဲ့ လေယာဉ်မှူး

4.9.23-yyl-4.jpg

တက္ကဆပ်ပြည်နယ်က အသက် ၉ နှစ်အရွယ်ကလေးမလေး ဗလန်တီနာ ဒိုမီနက်ဇ်ဟာ တိုကျိုမြို့ကနေ ပြန်လာရင်း လေယာဉ်ပေါ်မှာ သူ့ရဲ့အရုပ်လေး မေ့ကျန်ခဲ့ပါတယ်။ အဲဒီအရုပ်လေးပျောက်သွားတဲ့အတွက် ဗလန်တီနာလေးက အရမ်းဝမ်းနည်းသွားခဲ့ပါတယ်။ သူ့ရဲ့အရုပ်လေးက နောက်ခံအမျိုးမျိုးကလာတဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပုံဖော်ထားတဲ့ American Girl အရုပ်လေးပါ။

ဗလန်တီနာရဲ့တန်ဖိုးရှိလှတဲ့အရုပ်လေးကို နောက်ဆုံးတွေ့ခဲ့တာက လေယာဉ်ပေါ်မှာပါ။ သူတို့မိသားစုလည်း အဲဒီအရုပ်လေးပြန်ရဖို့ လေကြောင်းလိုင်းတွေကို ဆက်သွယ်ခဲ့ပါတယ်။ တိုကျိုခရီးက ပြန်ရောက်ပြီး ၃ ပတ်အကြာမှာ ဗလန်တီနာက သူ့ရဲ့အရုပ်လေးကို ပြန်ရသွားခဲ့ပါတယ်။

ဗလန်တီနာရဲ့အရုပ်ပျောက်သွားတဲ့အကြောင်းကို American Airlines ရဲ့ လေယာဉ်မှူး ဂျိမ်းစ် ဒါနန်က သိသွားခဲ့ပါတယ်။ ဒါနန်က ဒီလေကြောင်းလိုင်းမှာ လုပ်နေတာ ဆယ်စုနှစ်အနည်းငယ်ကြာနေပြီး တိုကျိုခရီးစဉ်ကိုလည်း ခဏခဏသွားခဲ့ရပါတယ်။ သူက ဗလန်တီနာအတွက် အရုပ်ပြန်ရှာပေးဖို့ ဆုံးဖြတ်ခဲ့ပြီး တိုကျိုက Turkish Airlines ကို ဆက်သွယ်ပြီးတော့ အရုပ်ပြန်ရအောင် လုပ်နိုင်ခဲ့ပါတယ်။

ဒါနန်က အရုပ်ပြန်ရတော့ အရုပ်နဲ့အတူရိုက်ထားတဲ့ပုံတွေကို ဗလန်တီနာဆီ ပို့ပေးခဲ့ပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့က ဒါနန်ဟာ အဝေးကြီးကနေ ဗလန်တီနာရဲ့အိမ်ကို လာပြီး လူကိုယ်တိုင် အရုပ်လာပေးခဲ့ပါတယ်။ ဗလန်တီနာက အရုပ်လေးပြန်ရတော့ အရမ်းပျော်သွားခဲ့တာပါ။ ဒါနန်က ဗလန်တီနာကို သကြားလုံးတွေနဲ့ အရုပ်လေးကို ယူခဲ့ရတဲ့ နေရာတွေအားလုံးကို ပြထားတဲ့ မြေပုံကိုလည်း ပေးခဲ့ပါတယ်။

ကလေးမလေးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာမိပါတယ်လို့ ဒါနန်က ပြောပါတယ်။ ဗလန်တီနာရဲ့အဖေကလည်း ဒါနန်အပေါ် ကျေးဇူးတင်မိကြောင်းကို “ဒီကမ္ဘာမှာ ကြင်နာတရားတွေရှိနေပါတယ်။ ဒါနန်က ကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ အရုပ်ကို ရှာပေးမယ်လို့ပြောတဲ့အတိုင်း လုပ်ပေးခဲ့ပါတယ်”လို့ ဆိုပါတယ်။

Ref: Airline pilot brings back doll lost halfway around the world to 9-year-old in heartwarming reunion

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top