လေယာဉ်မယ်နဲ့ လူငယ်လေးတို့ကြားက ဆန်းကြယ်တဲ့ကံကြမ္မာ

yyl-042.jpg

ရှုရန်ဖန် (Xu Yang Feng) ဆိုတဲ့ အသက် (၂၀) အရွယ်လူငယ်လေးဟာ ၂၀၀၄ခုနှစ် သူ့အသက် (၅) နှစ်မှာ လေယာဉ်ပထမဆုံးစီးခဲ့တာပါ။ တချို့လူတွေကတော့ လေယာဉ်စစီးတဲ့အချိန်မှာ စိတ်လှုပ်ရှားကြပေမဲ့ ရှုရန်ဖန်ကတော့ လေယာဉ်စီးတဲ့တစ်လျှောက်လုံး ပျော်ရွှင်ခဲ့ရပြီး လေယာဉ်မယ်ချောချောလေးနဲ့တောင် ဓာတ်ပုံအတူတူရိုက်ခဲ့ပါသေးတယ်။

အဲဒီလေယာဉ်မယ်က သူ့အပေါ်မှာ တော်တော်လေးလွှမ်းမိုးထားနိုင်တဲ့ပုံပါပဲ။ ဘာလို့လဲဆိုရင် ရှုရန်ဖန်က (၁၅) နှစ်ကြာပြီးတဲ့နောက်မှာ သူ့ရဲ့ပထမဆုံးခြေလှမ်းအနေနဲ့ လေယာဉ်မောင်တစ်ယောက် ဖြစ်လာတာကြောင့်ပါ။ တရုတ်မီဒီယာမှာတော့ ရှုရန်ဖန်က တရုတ်နိုင်ငံရဲ့ Civil Aviation Flight Academy ကျောင်းမှာ တတိယနှစ်တက်ရောက်နေပြီး China Eastern Airlines မှာ ၂၀၁၉ခုနှစ်အောက်တိုဘာလက အလုပ်သင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သူက အလုပ်သင်လုပ်နေစဉ်အတွင်းမှာ ရင်းရင်းနှီးနှီးမြင်ဖူးတဲ့ မျက်နှာပိုင်ရှင်နဲ့ တွေ့ဆုံမိခဲ့ပါတယ်။ အဲဒီလူကတော့ သူငယ်ငယ်က ဓာတ်ပုံတွဲရိုက်ခဲ့ဖူးတဲ့ လေယာဉ်မယ်ပါပဲ။ ရှုရန်ဖန်က လွန်ခဲ့တဲ့နှစ်တွေကတည်းက လေယာဉ်မယ်ဖန်ကို မှတ်ထားခဲ့တာလို့ ပြောပါတယ်။

ဖန်က လေယာဉ်မယ်အဖြစ်လုပ်ကိုင်ခဲ့တာ အခုဆို နှစ် (၂၀) ရှိနေပါပြီ။ ဖန်ကလည်း ၂၀၀၄ခုနှစ်က သူနဲ့အတူတူဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ကလေးလေးကို မှတ်မိခဲ့ပါတယ်။ အဲဒီကလေးလေးက ပါးဖောင်ဖောင်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့အတွက် ဖန်က မှတ်မိခဲ့တာပါ။ (၁၅) နှစ်ကြာပြီးမှ ပြန်လည်တွေ့ဆုံမိကြတဲ့ ရှုရန်ဖန်နဲ့ လေယာဉ်မယ်ဖန်တို့ရဲ့ကံကြမ္မာက ဆန်းကြယ်တယ်လို့ ပြောရမှာပါပဲ။

လေကြောင်းလိုင်းကလည်း သူတို့ရဲ့ကံကြမ္မာကို အလေးထားတာကြောင့် ရှုရန်ဖန်ကို အလုပ်သင်တစ်ဦးအနေနဲ့ ဖန်ဆီကနေ လေ့လာသင်ယူနိုင်ဖို့ သူတို့နှစ်ယောက်ကို တွဲပေးခဲ့ပါတယ်။ ရှုရန်ဖန်က ဖန်ဆီကနေ ပညာတွေသင်ယူခဲ့ရတဲ့အပြင် လွန်ခဲ့တဲ့ (၁၅) နှစ်ကလို ပုံမျိုး ပြန်ရိုက်လို့ရမဲ့ အခွင့်အရေးလည်းရရှိခဲ့ပါတယ်။

“လေယာဉ်အမျိုးအစားက ကွဲပြားသွားပြီး ထိုင်ခုံနေရာတွေကလည်း ပြောင်းလဲမှုတချို့ရှိပါတယ်။ ဒါပေမဲ့ အရင်က ကျွန်မဆီမှာရှိခဲ့တဲ့ ခံစားချက်ကတော့ အခုထိ အတူတူပါပဲ” လို့ ဖန်က Beijing Youth Daily သတင်းဌာနကို ပြောခဲ့ပါတယ်။

Ref: Mothership “Young man recreates photo he took with flight attendant in 2004, only this time as colleagues”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top