သားသမီးတွေသတိမပြုမိကြတဲ့ မိဘတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုများ

yyl-034.jpg

သားသမီးတွေအတွက် မိဘတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက တကယ်ကိုများပါတယ်။ ဒါတွေကို ကျွန်တော်တို့တွေက သတိမပြုမိခဲ့ကြပါဘူး။ မိဘတွေက သားသမီးတွေနဲ့ပတ်သက်လာရင် ဘယ်လိုအရာမျိုးတွေမဆိုလုပ်ဖို့ အဆင်သင့်ပါပဲ။ သားသမီးတွေကို ပေးဆပ်ခြင်းနဲ့ချစ်ကြပြီး သားသမီးတွေရဲ့ အလိုဆန္ဒအားလုံးကို ဖြည့်ဆည်းဖို့ အသင့်ရှိနေတာက မိဘတွေပါ။ မိဘတွေက ကျွန်တော်တို့ ငယ်ငယ်ကတည်းကနေ အရွယ်ရောက်လာတဲ့အထိ ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မိဘတွေက သားသမီးတွေအပေါ် သူတို့ပေးဆပ်ခဲ့သလောက် သူတို့နဲ့ ထိုက်တန်တဲ့ချစ်ခြင်းမေတ္တာကို မရခဲ့ကြပါဘူး။ အဲဒီလိုမရခဲ့ရင်တောင် မိဘတွေက သားသမီးတွေအပေါ် အပြစ်မတင်၊ မငြိုငြင်ကြတဲ့သူတွေပါပဲ။

ကျွန်တော်တို့ အခုချိန်မှာ ကောင်းကောင်းမွန်မွန်နဲ့ ရပ်တည်နိုင်ဖို့အတွက် မိဘတွေက အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီး စွန့်လွှတ်အနစ်နာခံခဲ့ကြတာပါ။ ဒါကြောင့် သားသမီးတွေက မိဘတွေကို ပိုချစ်ပေးပြီး ကျေးဇူးဆပ်ပေးကြပါ။ အခုလိုပြောရတာက သင်တို့သတိမပြုမိတဲ့ မိဘတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကြောင့်ပါပဲ။

မိဘတွေက သူတို့အဆင်မပြေရင်တောင် သင့်ကို အကောင်းဆုံးဖြစ်စေခဲ့တယ်

မိဘတိုင်းအတွက် သူတို့ရဲ့ကလေးတွေက အရာအားလုံးဖြစ်ပြီး သားသမီးတွေရဲ့မျက်နှာမှာ အပြုံးပန်ဆင်နိုင်ဖို့အတွက် ဘယ်မဆိုလုပ်ပေးကြပါတယ်။ ကိုယ်ကိုယ်တိုင်အတွက် ပစ္စည်းအသစ်တွေ၊ ကောင်းတဲ့အရာတွေ ဝယ်မယ့်အစား သူတို့ရဲ့ကလေးတွေအတွက် အရင်ဆုံးဖြည့်ဆည်းပေးကြပါတယ်။ သူတို့က သားသမီးတွေအတွက် အဲဒီလိုဖြည့်ဆည်းနေရရင်ပဲ ပျော်ရွှင်ပြီး ရောင့်ရဲတင်းတိမ်နေကြတာပါ။ သင့်မိဘတွေက သူတို့ကိုယ်တိုင်ထက် သင့်ကို အမြဲဦးစားပေးနေတာဖြစ်ပါတယ်။

သင် ကောင်းကောင်းကြီးပြင်းလာဖို့အတွက် သူတို့က အိပ်ရေပျက်ပေးခဲ့တာပါ

ကလေးရှိတယ်ဆိုတာ အိပ်စက်ချိန်တွေ ဆုံးရှုံးတာပါပဲ။ မိသားစုထဲကို မိသားစုဝင်တစ်ယောက်တိုးလာတဲ့အခါ ပြောင်းလဲမှုတချို့ရှိပါတယ်။ သားသမီးတွေရဲ့ အနာဂတ်တောက်ပဖို့အတွက် ပိုက်ဆံစုနိုင်ဖို့ ပိုပြီးအလုပ်ကြိုးစားရပါတယ်။ မိဘတွေက အိပ်ပျက်ခံပြီး သားသမီးတွေ ကောင်းကောင်းကြီးပြင်းလာဖို့ စောင့်ရှောက်ခဲ့ရတာပါ။ သားသမီးတွေရဲ့ အနာဂတ်အတွက် မိဘတွေက အိပ်ပျက်ခံပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပါတယ်။

သူတို့ရဲ့ဝါသနာကို စွန့်လွှတ်ခဲ့တယ်

မိဘဖြစ်ရတာက အချိန်ပြည့်အလုပ်ရသလိုပါပဲ။ ကလေးတစ်ယောက်မွေးတဲ့အခါ အကောင်အထည်ဖော်ဖို့လုပ်ထားတဲ့ သူတို့ရဲ့ဝါသနာတွေက ဖြစ်မလာနိုင်တော့ပါဘူး။ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ရတာ၊ သူတို့နဲ့တစ်ချိန်လုံးရှိနေပေးရတာ၊ ဆုံးမသွန်သင်ပေးရတာ၊ မျက်ခြေမပျက် စောင့်ကြည့်ပေးရတာတွေက မိဘတွေအတွက် အဆုံးမသတ်နိုင်တဲ့ အလုပ်တွေပါပဲ။ သားသမီးတွေအတွက် မိဘတွေက အချိန်ကော၊ လူကော၊ ငွေကော ပေးဆပ်ထားရတဲ့အတွက် သူတို့ရဲ့ဝါသနာတွေကို စွန့်လွှတ်ထားရပါတယ်။

သင် နေမကောင်းတဲ့အခါ အရာအားလုံးဘေးဖယ်ပြီး သင့်ကို ဂရုစိုက်တယ်

သင် နေမကောင်းဖြစ်တဲ့အခါ မိဘတွေကို တောင်းတမိကြမှာပါ။ သင် ငယ်ငယ်လေးကတည်း သင်ဖျားနာရင် မိဘတွေက ဂရုစိုက်ပေးခဲ့လို့ပါပဲ။ မိဘတွေက သူတို့ရဲ့ကလေးတွေ ဖျားနာပြီး နေမကောင်းဖြစ်ရင် အရာအားလုံးဘေးဖယ်ထားပြီး ကလေးတွေကို တစ်နေ့လုံး၊ တစ်ညလုံး ဂရုစိုက်ပေးခဲ့ပါတယ်။ သားသမီးတွေ နေမကောင်းတာကို မကြည့်ရက်တဲ့အတွက် သူတို့သာ ဖျားနာချင်ကြပါတယ်။

မိဘတွေက သူတို့သာ မစားရရင်နေပါစေ၊ သားသမီးတွေကို အငတ်မထားပါဘူး

မိဘတွေက ဒီအချက်ကိုတော့ သားသမီးတွေကို ဘယ်တော့မှထုတ်မပြခဲ့ပါဘူး။ ကလေးတွေက ဗိုက်ဆာတယ်လို့ ပြောတဲ့အခါမျိုးမှာ မိဘတွေက သူတို့ရဲ့ဝေစုကိုတောင် သားသမီးကို ကျွေးချင်ကြပါတယ်။ သူတို့မစားရရင်နေပါစေ၊ သားသမီးတွေစားနေရရင်ပဲ ကျေနပ်နေတာပါ။ သားသမီးတွေကို ဗိုက်အဆာမခံစေချင်တာကလည်း မိဘတွေပါပဲ။

မိဘတွေက သားသမီးတွေကို နှလုံးသားတစ်ခုလုံးပုံပေးပြီး ချစ်ကြပါတယ်

ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါမှာ ဘယ်သူမှ မိဘတွေလောက် မချစ်နိုင်ကြဘူးလို့ သိလာရပါတယ်။ မိဘတွေက ကျွန်တော်တို့ကို ကိုယ်ကျိုးမကြည့်တဲ့၊ အဆုံးမသတ်တဲ့ချစ်ခြင်းမေတ္တာက ဘာလိုမျိုးလဲဆိုတာကို သင်ကြားပေးပါတယ်။ မိဘတွေက သားသမီးတွေကို နွေးထွေးတဲ့မတ္တောတွေနဲ့ နှလုံးသားတစ်ခုလုံးပုံအပ်ပြီး ချစ်ပေးကြပါတယ်။ အဲဒီလိုအချစ်မျိုးကို မိဘတွေဆီကပဲ ရနိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိထားသင့်ပါတယ်။

Ref: Sacrifices Our Parents Made for Us (and We Didn’t Even Notice Them)

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top