ကြက်သွန်ဖြူကို အစားအသောက်၊ ဟင်းလျာတွေမှာ ထည့်ချက်၊ထည့်စားကြပေမဲ့ အလှအပအတွက် ကြက်သွန်ဖြူကို အသုံးပြုဖို့ မေ့နေကြတယ်မလား။ အဲဒီလိုပြောလိုက်လို့ အံ့သြများအံ့သြသွားမလား။ ကြက်သွန်ဖြူက စွယ်စုံရအစားအစာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ပြဿနာတော်တော်များများကို ဂရုစိုက်ပေးသလို အသားအရေအတွက်လည်း အစွမ်းထက်တယ်ဆိုတာ တကယ်ကို သက်သေပြနိုင်ပါတယ်။ ဘတ်တီးရီးပိုးမွှားတွေကိုတိုက်ဖျက်တဲ့၊ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်တဲ့ဂုဏ်သတ္တိဓာတ်တွေနဲ့ ပြည့်နေတဲ့ကြက်သွန်ဖြူက အသားအရေကို ကြည်လင်စေပြီး အပြစ်အနာအဆာကင်းစေမှာဖြစ်ပါတယ်။ ကြက်သွန်ဖြူရဲ့ နောက်ထပ်အလှအပအကျိုးကျေးဇူးတွေကို သိချင်ရင်တော့ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်။
ဝက်ခြံပျောက်ကင်းအောင် ကူညီပေးခြင်း
ကြက်သွန်ဖြူ က ဝက်ခြံပျောက်ကင်းအောင် ကူညီပေးတဲ့နေရာမှာလည်း အစွမ်းထက်ပါတယ်။ ဝက်ခြံပျောက်ဖို့ဆိုရင် ကျွန်တော်တို့လုပ်ရမှာကတော့ ကြက်သွန်ဖြူ အမွှာအနည်းငယ်ကို ခွာလိုက်ပြီး အရည်ထွက်လာတဲ့အထိ ဖိလိုက်ရုံပါပဲ။ ကြက်သွန်ဖြူအရည်ကို ဝက်ခြံပေါက်တဲ့နေရာမှာ အသုံးပြုလိုက်ပါ။ (၅) မိနစ်လောက်ထားပြီး မျက်နှာသစ်လိုက်ပါ။ နီမြန်းခြင်းနဲ့ဝက်ခြံအမာရွတ်တွေ လျော့နည်းသွားတာကို သတိပြုမိပါလိမ့်မယ်။
ချွေးပေါက်တွေ လျော့နည်းစေခြင်း
ကြက်သွန်ဖြူကို အသုံးပြုပြီး ချွေးပေါက်တွေ လျော့နည်းသွားအောင်လုပ်လို့ရပါတယ်။ ခရမ်းချဉ်သီးတစ်ဝက်နဲ့ ကြက်သွန်ဖြူတစ်မွှာကို ဖိလိုက်ပြီး သင့်ရဲ့မျက်နှာမှာ အသုံးပြုလိုက်ပါ။ (၁၀) မိနစ်ကြာပြီးတဲ့အခါ မျက်နှာသစ်လိုက်ပါ။ အဲဒီလိုလုပ်ပေးခြင်းက ချွေးပေါက်တွေကို ပွင့်သွားစေပြီး အသားအရေကြည်လင်လာစေပါတယ်။
အကြောပြတ်ခြင်းကို လျော့နည်းသွားစေခြင်း
ခြေထောက်နဲ့ပေါင်တွေ၊ ဗိုက်တွေမှာ အကြောပြတ်ရာတွေကြောင့်စိတ်ညစ်နေပြီလား။ အဲဒီလို အကြောပြတ်ခြင်းတွေကို လျော့နည်းသွားအောင် ကြက်သွန်ဖြူ က ကူညီပေးပါလိမ့်မယ်။ ကြက်သွန်ဖြူအရည်နဲ့ သံလွင်ဆီတို့ကို ရောစပ်လိုက်ပြီး အကြောပြတ်တဲ့နေရာတွေမှာ နှိပ်နယ်ပြီး လိမ်းပေးလိုက်ပါ။ ရက်အနည်းငယ်လောက် ဒီနည်းကို အသုံးပြုပေးမယ်ဆိုရင် အကြောပြတ်တာတွေ လျော့နည်းလာတာကို တွေ့မြင်ရပါလိမ့်မယ်။
အသားအရေနီမြန်းရောင်ရမ်းခြင်းကို ပျောက်ကင်းစေခြင်း
တချို့လူတွေက သူတို့ရဲ့အသားအရေတွေမှာ အနီစက်တွေကို တွေ့ရတတ်ပါတယ်။ ဦးရေပြား၊ မျက်ခုံး၊ ဒူးပေါ်တွေမှာ ပေါ်လာတတ်ပြီး ယားယံမှုတွေဖြစ်လာပါတယ်။ ကြက်သွန်ဖြူ က anti-inflammatory ဂုဏ်သတ္တိတွေ ပါဝင်တဲ့အတွက် ကြက်သွန်ဖြူကို အသုံးပြုပြီး နီမြန်းရောင်ရမ်းခြင်း၊ ယားယံခြင်းတွေကို ဖယ်ရှားပစ်လို့ရပါတယ်။
အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေခြင်း
အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးသွားစေခြင်းရင် မနက်ခင်းပိုင်းမှာ ကြက်သွန်ဖြူကို ပျားရည်၊ သံပုရာသီးတို့နဲ့ စားသုံးမယ်ဆိုရင် ပါးရေတွန့်ခြင်းတွေ နှောင့်နှေးသွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ တစ်မွှာကိုယူပြီး အခွံခွာလိုက်ပါ။ အိပ်ယာထထချင်းမှာ ကြက်သွန်ဖြူကို ပျားသံပုရာရည်နဲ့ သောက်သုံးပေးမယ်ဆိုရင်လည်း အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးသွားအောင် ကူညီပေးနိုင်ပါတယ်။
Ref: 5 beauty benefits of garlic
WL (ရိုးရာလေး)